
အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေရဲ့ နယ်မြေမှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်ကောင်စီနဲ့ အရင်က သဘောတူခဲ့ပေမဲ့ လက်ရှိမှာ အဲဒီသဘောတူညီချက်က မဖြစ်နိုင်တော့ဘူးလို့ NCA အပစ်ရပ် ၇ ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။
စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက်ပိုင်း NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ ဆက်ပြီးလုပ်ဆောင်ခဲ့ချိန်က ရွေးကောက်ပွဲလုပ်ခဲ့ရင် အပစ်ရပ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မယ်လို့ ကတိရှိခဲ့ပေမဲ့ လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေအရ အဲဒီလို ဆောင်ရွက်ပေးလို့ မရတော့ဘူးလို့ အပစ်ရပ် ၇ ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်အနေနဲ့ နယ်မြေအားလုံးကို ထိန်းချုပ်နိုင်ခြင်း မရှိတော့တာကြောင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေမှာ ရွေးကောက်ပွဲလုပ်ခဲ့ရင် လုံခြုံရေးပိုင်းဆိုင်ရာ ကူညီဆောင်ရွက်ပေးဖို့ ဆွေးနွေးမှုတွေရှိပေမဲ့ တဖွဲ့ချင်းစီရဲ့ လုပ်ကိုင်နိုင်စွမ်းအပေါ်မှာပဲ မူတည်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးပါတီတွေဘက်ကတော့ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲမှာ လုံခြုံရေးပိုင်းဆိုင်ရာ ကူညီဆောင်ရွက်ပေးဖို့ အပစ်ရပ်အဖွဲ့တွေဘက်က အစောပိုင်းနှစ်တွေမှာ သဘောတူခဲ့တာ ရှိတယ်လို့ ပြောပါတယ်။
စစ်ရေးအခြေအနေကြောင့် အပစ်ရပ်အဖွဲ့တချို့က ဆောင်ရွက်ပေးနိုင်ခြင်း မရှိတော့ပေမဲ့ စစ်တပ်နဲ့ နောက်ဆုံးတွေ့ဆုံမှုတွေ လုပ်ခဲ့တဲ့ အဖွဲ့တွေရဲ့ သဘောထားကတော့ အရင်တိုင်း ဆက်ရှိနေဆဲလို့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောပါတယ်။
ရွေးကောက်ပွဲကနေ ဒီမိုကရေစီလမ်းကြောင်းကို သွားရမှာဖြစ်တာကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)(NCA-S) အနေနဲ့ ရွေးကောက်ပွဲကို အားပေးသွားမှာဖြစ်ပြီး အပစ်ရပ်အဖွဲ့တွေအနေနဲ့လည်း ကိုယ့်နယ်မြေထဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေရဲ့ လုံခြုံရေးကို အာမခံပေးနိုင်အောင် ကြိုးစားရမယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဘက်က ရွေးကောက်ပွဲကို ဒီနှစ် ဒီဇင်ဘာလထဲမှာ ကျင်းပသွားဖို့ ဆောင်ရွက်နေပြီး နိုင်သူ အကုန်ယူစနစ်ရော အချိုးကျကိုယ်စားပြု PR ရွေးကောက်ပွဲစနစ် ၂ ခုစလုံးနဲ့ ကျင်းပသွားဖို့ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အောင်သူ