
နေပြည်တော်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချတာခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ကမ်ပိန်းက ရရှိတဲ့ ရန်ပုံငွေတွေနဲ့ ငလျင်ဘေးသင့် ပြည်သူတွေကို ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်နေတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါ ကမ်ပိန်းတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ဦးဆောင်ပြုလုပ်နေတာဖြစ်ပြီး “အမေ့ကိုချစ်တဲ့ မြန်မာပြည်သူပြည်သားတွေနဲ့ အတူတကွ အထိမ်းအမှတ်လေးတခု ပြုလုပ်ပေးပြီး မွေးနေ့အလှူအဖြစ် မြန်မာပြည်တွင်းမှ လိုအပ်နေတဲ့ နေရာတွေအတွက် ဆေးရုံ၊ ဆေးခန်း၊ သောက်သုံးရေ၊ ဆေးဝါး၊ အစားသောက် အစရှိတာတွေကို အမေ့ကိုချစ်တဲ့ ပြည်သူတွေနဲ့ အတူတူ ထောက်ပံ့ပေးသွားမယ့် ရည်ရွယ်ချက်လေး ဖြစ်ပါတယ်” လို့ ပြောထားပါတယ်။
လတ်တလောမှာတော့ ကမ်ပိန်းကရရှိတဲ့ ရန်ပုံငွေတွေကို မြန်မာနိုင်ငံက ငလျင်ဘေးသင့် ပြည်သူတွေအတွက် ဧပြီ ၁၅ ရက်အထိ ဆောင်ရွက်ထားရှိမှု မှတ်တမ်းကို မျှဝေထားခဲ့တာပါ။
မတ် ၂၈ ရက်က စတင်ပြီး မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေကို ကယ်ဆယ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဖြည့်တင်းပြီး အရေးပေါ်ကယ်ဆယ်ရေးအတွက် လိုအပ်တဲ့ နေရာတွေကို သွားရောက်ပေးနိုင်ခဲ့သလို မြေပြင်ထောက်ပံ့ရေးအဖွဲ့တွေ အနေနဲ့လည်း အစားအသောက်တွေ ချက်ပြုတ်ဝေငှတာ၊ သောက်သုံးရေနဲ့ အမိုးအကာတွေ လှူဒါန်းတာတွေကိုလည်း တချိန်တည်း လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကမ်ပိန်းကနေ ပထမအကြိမ်အနေနဲ့ မိသားစု ၁,၀၀၀ စာအတွက် တလစာ ဖူလုံစေနိုင်မယ့် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ဆေးဝါး၊ သောက်ရေ၊ အသင့်စားဟင်းထုပ်တွေ၊ ဆိုလာမီး၊ ငါးခြောက်၊ ငါးပိဘူးတွေနဲ့ နို့တိုက်ကလေးတွေအတွက် နို့မှုန့်ဘူးတွေကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ်ပြီးတော့လည်း ဆိုလာမီးတိုင်တွေ တပ်ဆင်တာ၊ အိမ်သာတွေ တည်ဆောက်ပေးတာ၊ သုံးရေအတွက် ရေမော်တာတွေ တပ်ဆင်ပေးတာတွေကိုလည်း ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးပြီး ပြည်သူလူထုတွေရဲ့ အိုးအိမ်တိုက်တာတွေ အများအပြား ပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။
ငလျင်လှုပ်ပြီး သီတင်း ၃ ပတ်ကြာတဲ့အထိ ငလျင်ဘေးသင့်ပြည်သူတွေဟာ အကူအညီတွေမရ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။