တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုကျေးရွာက ပျူစောထီးစခန်းကို အောင်မြင်စွာ တိုက်ခိုက်ပြီး ပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တနင်္သာရီမြို့နယ် ဒေသခံပြည်သူတွေကနေ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်ဆီက သိရပါတယ်။
ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုကျေးရွာမှာ စခန်းချထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို ဧပြီ ၁၆ ရက် မနက် ၃ နာရီခန့်မှာ အောင်မြင်စွာ တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီ ၂၀ ရက်မှာ ပြန်လာကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တနင်္သာရီမြို့နယ် ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း ပြောပါတယ်။
မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ တာဝန်ရှိသူတယောက်က “မနေ့က ၄ နာရီမှာ ဘုတ်ပြင်းတောင်ငယ်က ပြန်ရောက်လာကြပြီ။ လက်နက် ၁ဝ လက်ရတယ်။ ခေါင်းဆောင်သေဆုံး၊ ပကဖ ၇ ဖွဲ့ပေါင်းပြီး တိုက်ခိုက်တယ်။ တနင်္သာရီပကဖ ၆ ဖွဲ့၊ တိုင်းပကဖ ၁ ဖွဲ့ အတူပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်” လို့ ပြောပါတယ်။
ပျူစောထီးစခန်းတိုက်ပွဲအတွင်း ပျူစောထီးခေါင်းဆောင် ဦးဌေးဝင်း ဆိုသူ သေဆုံးပြီး ကျန်တဲ့အဖွဲ့ဝင်တွေ လက်နက်ချ ထွက်ပြေးခဲ့ကြကြောင်း သိရကာ သေနတ် ၁၀ လက်အပြင် တခြား လက်နက်ခဲယမ်းများစွာ ရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။