
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ အချိန်အခါမဟုတ် မိုးရွာပြီးနောက် ရာဇူတိုင်မြစ်နဲ့ တဆက်တည်းရှိတဲ့ ကျေးရွာတွေက ချောင်းရေတွေ ရုတ်တရက် အရောင်ပြောင်း အနံ့ဆိုးထွက်ကာ သောက်သုံးမရတဲ့အထိ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဧပြီ ၁၃ ရက်ကနေ ၁၉ ရက်အထိ အချိန်အခါမဟုတ် မိုးရွာသွန်းပြီးနောက် ရုတ်တရက် ချောင်းရေတွေ အရောင်ပြောင်းကာ အနံ့ဆိုးထွက်ပြီး ကျိုက်ပိ၊ သောင်တန်း၊ ဝဲဒေါင့်၊ အုန်းပင်စု၊ နွံ့ကော်၊ ကျူချောင်း၊ မအူထုံး စတဲ့ ရာဇူတိုင်မြစ်နဲ့ တဆက်တည်းရှိတဲ့ ကျေးရွာ ၂၀၀ ကျော်မှာ သောက်ရေ၊ သုံးရေအဖြစ် အသုံးပြုမရတဲ့အထိ ဖြစ်နေတာလို့ ဆိုပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာ ဒေသခံတယောက်က “အရင်က အချိန်အခါမဟုတ် မိုးရွာဖူးတာပဲ အခုလိုမဖြစ်ဘူး။ အခုက အချိန်အခါမဟုတ် မိုးရွာပြီးတာနဲ့ ရေတွေက အရောင်ပြောင်းသွားတာ။ အနံ့ကလည်း အပုပ်နံ့ထွက်နေတာ၊ ဒီဘက်ကို လာတဲ့ရေက (မော်ကျွန်း) ရာဇူတိုင်မြစ်နဲ့ တဆက်တည်းရှိနေတာ” လို့ ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ ရေတွေ အရောင်ပြောင်း အနံ့ဆိုးထွက်နေတာကြောင့် ငွေကြေးတတ်နိုင်သူတွေက သောက်ရေသန့် ဝယ်ယူသုံးစွဲနေကြပေမဲ့ အခြေခံလူတန်းစားတွေအဖို့ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်၊ သောင်တန်းကျေးရွာ ဒေသခံတယောက်က “ရေတွေက အရောင်ပြောင်းနေတာအပြင် ငါးတွေသေတဲ့အထိပါ ဖြစ်နေတာ။ ရာဇူတိုင်မြစ်ဘက်ကနေ တက်လာတဲ့ရေပဲ သုံးတာ၊ သောက်တာ။ အခု ရေက တပတ်ကျော်ကျော်အထိ ဖြစ်လာပြီး ရေအခြေအနေက ပိုဆိုးလာတယ်။ သောက်ဖို့မပြောနဲ့ ချိုးရေအဖြစ်တောင် သုံးမရဘူး။ အဒေါ် အသက် ၆၀ ကျော်အတွင်း အခုလိုဖြစ်တာ တခါမှ မကြုံဖူးဘူး” လို့ ပြောပါတယ်။
အဲဒီ အနံ့ဆိုးထွက် အရောင်ပြောင်းရေတွေကိုပဲ သုံးနေရတဲ့ ဒေသခံတွေမှာ ယားနာတွေ ဖြစ်ပေါ်လာပြီး အရည်ကြည်ဖုပေါက်ကာ အနာတွေပေါက်လာတဲ့အပြင် ဝမ်းဗိုက်နာတာတွေပါ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်ဟာ ကျေးရွာအုပ်စု ၁၀၈ စု၊ ကျေးရွာခွဲပေါင်း ၆၀၀ ကျော်နဲ့ ရပ်ကွက် ၂၀ နီးပါးရှိတဲ့ မြို့နယ်ကြီးတခုဖြစ်ပြီး သက်ဆိုင်ရာက လက်ရှိဖြစ်ပေါ်နေတဲ့ ရေအခြေအနေကို ဧပြီ ၂၁ ရက်အထိ စစ်ဆေးတာမရှိဘူးလို့ ဆိုပါတယ်။