
အထပ်မြင့်နဲ့ အခိုင်အမာ အဆောက်အအုံတွေ ဆောက်လုပ်ရာမှာ အနည်းဆုံး ပြင်းအား ပမာဏ ရစ်ချ်စတာစကေး ၈ အထက်ရှိတဲ့ ငလျင်ကြီးတွေရဲ့ ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေဖြစ်အောင် ဆောက်လုပ်ကြဖို့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ဟာ စိတ်ကူးယဉ်ပြီး ပြောဆိုတာဖြစ်တယ်လို့ အင်ဂျင်နီယာတွေက ထောက်ပြခဲ့ကြပါတယ်။
မတ် ၂၇ ရက်က အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ စစ်ကိုင်းငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့်ဒေသတွေမှာ အဆောက်အအုံတွေ များစွာ ထိခိုက်ပျက်စီးခဲ့ကြရပါတယ်။
အခုလို ငလျင်သဘာဝဘေးဒဏ်မှာ အဆောက်အအုံတွေ များစွာ ပြိုကျပျက်စီးခဲ့တာနဲ့ ပတ်သက်ပြီး အင်ဂျင်နီယာတွေက အဆောက်အအုံတွေ ဆောက်လုပ်တဲ့အခါ သတိထားရမယ့် အချက်တွေကို ဝေမျှ ပြောဆိုခဲ့ကြပါတယ်။
အင်ဂျင်နီယာတယောက်က “Structure ဒီဇိုင်းပေါ့နော်၊ Structure Design ဆွဲတဲ့ အင်ဂျင်နီယာတွေဆီ၊ ဒီဇိုင်းအင်ဂျင်နီယာတွေဆီ သေချာအပ်၊ ပြီးသွားရင် ဆောက်ပြီဆိုရင်လည်း ဆိုက်အင်ဂျင်နီယာနဲ့ သေချာဆောက်၊ အဲ့လိုမျိုးပေါ့။ ပြီးရင် ဆိုက်အင်ဂျင်နီယာနဲ့ ဆောက်ရုံနဲ့ မပြီးသေးဘူး၊ အဲ့ကောင်တွေကို ဒီဇိုင်းအင်ဂျင်နီယာ ဒီဇိုင်းထုတ်ပေးထားတဲ့အတိုင်း သေချာလုပ်ရဲ့လား ဆိုတာကို ဆိုက်အင်ဂျင်နီယာက သေချာကြပ်မတ် စစ်ဆေးပေးနိုင်မှ၊ အရင်ဦးဆုံး အဓိက သေချာတာက engineering designer နဲ့ သေချာအပ်ရမယ်၊ structure ပိုင်းကို၊ ပြီးသွားပြီဆိုရင် အဲဒါကို သေချာကြီးကြပ်တဲ့ အင်ဂျင်နီယာလည်း ရှိရမယ်၊ အဲလိုဆိုရင်တော့ အခုလိုမျိုး အပျက်အစီးတော့ နည်းသွားမှာပေါ့နော်” လို့ ပြောပါတယ်။
Structural Engineering ပညာရပ်က အဆောက်အအုံ တည်ဆောက်ရာမှာ အရေးပါကြောင်းကိုတော့ ထိုင်းနိုင်ငံက Asian Institute of Technology (AIT) တက္ကသိုလ် structural engineering ဌာနမှာ ပါရဂူတန်း တက်ရောက်နေတဲ့ ကျောင်းသား Binay Karna က DVB ကို ပြောပါတယ်။
“Structural Engineering ပညာရပ် ဆိုတာက ငလျင်နဲ့ လေပြင်းတိုက်ခတ်မှုတွေလိုမျိုး ပြင်းထန်တဲ့ သဘာဝဘေးဒဏ်တွေကို ခံနိုင်စေဖို့ တွက်ချက်ပြီး ဒီဇိုင်းလုပ်ရတာပါ။ ငလျင်လှုပ်တဲ့အခါ မြေပြင်က အတုအယောင် လှုပ်ခတ်မှုတွေကို တွက်ချက်ပြီး အဆောက်အအုံ တည်ဆောက်ရာမှာ ခံနိုင်ရည်ရှိဖို့အတွက် အခြေခံဒီဇိုင်း အရင်ဖန်တီးတယ်။ ပြီးတော့ အရေးကြီးတဲ့ နေရာတွေဖြစ်တဲ့ ထောင့်တွေ၊ တိုင်တွေမှာ အရည်အသွေးပြည့်မီတဲ့ ခံနိုင်ရည်ရှိတဲ့ စတီးတွေ ထည့်ပါတယ်။ အဆောက်အအုံ တုန်ခါတဲ့အခါ ပြိုကျပျက်စီးနိုင်တဲ့ အားနည်းတဲ့ နေရာတွေ မရှိအောင် ကျနော်တို့က သေချာအောင် လုပ်ဆောင်ရပါတယ်။ ကျနော် ပြောချင်တာက Structural Engineer တွေကို ဆောက်လုပ်ရေးတွေမှာ သုံးတာက ကုန်ကျစရိတ် ပိုမတက်သွားပါဘူး၊ ပိုစမတ်ကျစေပါတယ်။ ကျနော်တို့က ပစ္စည်းတွေကို အကောင်းဆုံးဖြစ်အောင်၊ လိုအပ်တဲ့ နေရာတွေမှာပဲ အသုံးပြုစေပြီးတော့ မလိုအပ်တာတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်ခင်ဗျာ။”
စစ်ကောင်စီရဲ့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ငလျင်တုံ့ပြန်ရေး အစည်းအဝေးပွဲမှာတော့ စစ်ခေါင်းဆောင်က အထပ်မြင့်နဲ့ အခိုင်အမာ အဆောက်အအုံတွေ ဆောက်လုပ်ရာမှာ အနည်းဆုံး ရစ်ချ်စတာစကေး ၈ အထက်ရှိတဲ့ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေဖြစ်အောင် ဆောက်လုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေက စနစ်တကျ ကြပ်မတ် ဆောင်ရွက်သွားဖို့ လိုကြောင်း ပြောဆိုခဲ့ပါတယ်။
ဒီလိုပြောဆိုမှုကတော့ ယုတ္တိဆန်မှုနဲ့ ကင်းကွာနေပြီး စိတ်ကူးယဉ်ပြီး ပြောဆိုနေတာလို့ အင်ဂျင်နီယာတယောက်က ထောက်ပြခဲ့ပါတယ်။
“ဒီ ပြင်းအားပမာဏ ၈ နဲ့အထက်ကို ခံနိုင်အောင် ဆောက်ရမယ်ဆိုတာက၊ အဲဒါကို ပြန်ဖြေရမယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံမှာ ဒီနိုင်ငံတော်အဆင့်က ပြင်းအားပမာဏ ၈ လောက်အထိ လှုပ်နိုင်တဲ့ ဂျပန်နိုင်ငံကလိုပေါ့နော် earthquake shaking table ပေါ့၊ ရှိလားပေါ့နော်၊ အဲဒါကို ပြန်မေးရမှာ။ အဲဒါရှိမှပဲ ပြင်းအားပမာဏ ၈ နဲ့အထက် ခံနိုင်တာမျိုး ဆိုပြီးတော့ laboratory မှာပေါ့နော် verify လုပ်နိုင်မှာ။ သက်သေပြနိုင်မှာ၊ အဲ့တော့ အဲဒါမရှိဘဲနဲ့တော့ ဒါကြီးက ဘယ်လိုမှ မဖြစ်နိုင်ဘဲနဲ့ စိတ်ကူးယဉ်ပြီး လျှောက်ပြောနေတာလို့ပဲ ပြောရမှာပေါ့နော်။”
နည်းပညာအရ ပြင်းအားပမာဏ တခုတည်းကိုပဲ အာရုံစိုက်လို့မရဘဲ ပြင်းအားပမာဏ ကြီးရင် ထိခိုက်မှုများတာ မှန်ပေမဲ့ နောက်ဆက်တွဲ ငလျင်တွေကို ကြည့်ရင် ပြင်းအားပမာဏ အပြင် ငလျင်လှုပ်ခတ်တဲ့ ဗဟိုပြုနေရာက အဆောက်အအုံနဲ့ အနီးအဝေးက သက်ရောက်မှု ရှိနိုင်ပါတယ်။
ဒါ့အပြင် ပြတ်ရွေ့ကြောနဲ့နီးတဲ့ အဆောက်အအုံတွေက ပိုခံရတာကြောင့် ပြင်းအားပမာဏ ရစ်ချ်တာစကေး ၈ ခံနိုင်တဲ့ ဒီဇိုင်းတွေလုပ်ထားတဲ့ နေရာက ငလျင်နည်းတဲ့နေရာ ဖြစ်နေမယ်ဆိုရင် အလကားဖြစ်သွားနိုင်တာကြောင့် ရစ်ချ်တာစကေးတခုတည်း ပြောမယ့်အစား ငလျင်လှုပ်ခတ်တဲ့ ဗဟိုပြုနေရာ၊ ငလျင်အတိမ်အနက်၊ မြေအပျော့အမာ စတဲ့ အချက်ပေါင်းများစွာကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်တယ်လို့လည်း အင်ဂျင်နီယာတွေက ထောက်ပြခဲ့ကြပါတယ်။
မြတ်သဇင်