
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ အကျဉ်းထောင်ကနေ အကျဉ်းသား အကျဉ်းသူ ၇၅ ယောက်ကို ဧပြီ ၁၇ ရက် မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနက ပြန်လွှတ်ပေးခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသား တယောက်မှ မပါဝင်လာဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဟင်္သာတထောင်ထဲမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးအကျဉ်းချခံထားရသူ အယောက် ၅၀ ထက်မနည်းရှိပြီး အကျဉ်းသား ၆၄ ယောက်နဲ့ အကျဉ်းသူ ၁၁ ယောက်ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ နိုင်ငံရေအကျဉ်းသားတွေ ပါမလာဘူးလို့ ဆိုပါတယ်။
ဟင်္သာတမြို့မှ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်က “အကျဉ်းသားအားလုံး တန်းတူ ခံစားစေချင်တယ်။ ပုဒ်မတွေနဲ့ သီးခြားချန်ခဲ့တာတော့ မျှတမှုမရှိဘူး။ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၅၀ ကျော်လောက် ဟင်္သတထောင်ထဲမှာ ရှိတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီက အခါကြီးရက်ကြီးတွေနဲ့ နေ့ထူးနေ့မြတ်တွေမှာ ထောင်ထဲက အကျဉ်းသားတွေကို ပြစ်ဒဏ်လျှော့ပေါ့တာနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွေ ပေးနေပေမဲ့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အကျဉ်းချခံထားရသူတွေကို ချန်ထားလေ့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက မြို့နယ်အသီးသီးမှာ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းချခံထားရသူတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မြန်မာနှစ်သစ် အခါသမယ အထိမ်းအမှတ် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းတွေမှာ ပါဝင်နိုင်ဖို့ ပြစ်ဒဏ်ကျခံထားရသူ ၄,၈၉၃ ယောက်ကို ပြန်လည်လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။