
တောင်အာဖရိကနိုင်ငံ၊ ကိတ်ပ်အရှေ့ပိုင်းပြည်နယ်၊ ကယ်ဘတ်ဟာမြို့မှာ ပြန်ပေးဆွဲခံရတဲ့ အမေရိကန် သင်းအုပ်ဆရာတယောက်ကို တောင်အာဖရိက ရဲတပ်ဖွဲ့က လူအသေအပျောက်ရှိတဲ့ ပစ်ခတ်မှုအတွင်း အထိအခိုက်မရှိ ကယ်တင်နိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ဧပြီ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်က ကယ်ဘတ်ဟာမြို့ရှိ ဘုရားကျောင်းမှာ အသက် ၄၅ နှစ်ရှိ သင်းအုပ်ဆရာ ဂျို့ရှ်ဆူလီဗန်ဟာ ဆုတောင်းပွဲတခု ဦးဆောင်ပြုလုပ်နေတုန်း လက်နက်ကိုင်တွေက ဖမ်းဆီးခဲ့တာပါ။
သူ့ကို အဲဒီမြို့မှာပဲ အင်္ဂါနေ့က ကယ်ဆယ်လို့ ရခဲ့တယ်လို့ တောင်အာဖရိက ထိပ်တန်းရဲအဖွဲ့ Hawks က ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တရားဥပဒေအရာရှိတွေဟာ သံသယရှိသူတွေကို နည်းဗျူဟာကျကျ တုံ့ပြန်ဖြေရှင်းနိုင်ခဲ့တယ် လို့လည်း ဆိုပါတယ်။
ဆူလီဗန်ကို ချုပ်နှောင်ထားတဲ့နေရာရှိ မော်တော်ယာဉ်တစီးနားကို ချဉ်းကပ်လာချိန်မှာ ပြင်းထန်တဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးတော့ သံသယရှိသူ ၃ ယောက် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ပြန်ပေးဆွဲခံရသူကိုလည်း ယာဉ်အတွင်းမှ ပြန်လည်တွေ့ရှိခဲ့ပြီး ဆေးစစ်ချက်အရ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရတယ်လို့လည်း ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အာဗီလီဖှုမ်ဘာက “ဒေသခံ သင်းအုပ်ဆရာ အမေရိကန်အမျိုးသားကို ဘေးကင်းကြောင်း အတည်ပြုနိုင်ပြီး ကယ်ဘတ်ဟာမြို့ရှိ ကွာမာ့ဂ်ဆာဂီနယ်မြေမှာ သူ့မိသားစုနဲ့ ဘေးကင်းစွာ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်” လို့ ပြောပါတယ်။
ဆင်းရဲမွဲတေမှုနဲ့ မညီမျှချက် မြင့်မားမှုတွေဟာ တောင်အာဖရိကမှာ ရာဇ၀တ်မှုတွေ အမြစ်တွယ်ဖို့ ရေခံမြေခံကောင်းတွေ ဖြစ်နေပြီး ရာဇ၀တ်ဂိုဏ်းတွေနဲ့ တရားမဝင်လက်နက်တွေ မြန်မြန်ဆန်ဆန် ပြန့်ပွားမှုနဲ့အတူ ပြန်ပေးဆွဲမှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။
Source : Reuters