
ထိုင်းနိုင်ငံရဲ့ မဟာဆုန်ကရန် သင်္ကြန်ပွဲတော်ကာလ ၅ ရက်အတွင်းမှာ ယာဉ်မတော်တဆ ထိခိုက်မှုပေါင်း ၁,၂၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူပေါင်း ၁၇၁ ယောက်ရှိတယ်လို့ ၂၀၂၅ ထိုင်းသင်္ကြန်ကာလ မတော်တဆထိခိုက်မှု လျော့ပါးရေးနဲ့ ကယ်ဆယ်ရေးဗဟိုအဖွဲ့က ဒီကနေ့ ဧပြီ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ဧပြီ ၁၁ ရက်မှ ၁၅ ရက်အထိ ၅ ရက်တာကာလတွင်း မတော်တဆထိခိုက်မှုကြောင့် သေဆုံးသူ ၁၇၁ ယောက်၊ ဒဏ်ရာရသူ ၁,၂၀၈ ယောက် ရှိတယ်၊ သေဆုံးသူအများဆုံးမှာ ဘန်ကောက်ခရိုင်က ၁၅ ယောက်နဲ့ မတော်တဆအဖြစ်များဆုံးခရိုင်မှာ ထိုင်းတောင်ပိုင်း ဖတ်ထလုန်းက ၄၄ ကြိမ်၊ ထိခိုက်ဒဏ်ရာရသူ အများဆုံးကတော့ ထိုင်းမြောက်ပိုင်း လမ်းပန်းခရိုင်မှ ၄၇ ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။
ဧပြီ ၁၅ ရက် (ရေကစားတဲ့နောက်ဆုံးနေ့) မှာ မတော်တဆထိခိုက်မှုကြောင့် သေဆုံးသူ ၂၇ ယောက်၊ ဒဏ်ရာရ ၂၀၉ ယောက်၊ မတော်တဆထိခိုက်မှု အကြိမ်ပေါင်း ၂၁၄ ကြိမ် ဖြစ်ခဲ့တယ်၊ မတော်တဆဖြစ်ရတဲ့ အကြောင်းရင်း အများဆုံးမှာ ယာဉ်အမြန်မောင်းခြင်း ၃၆ ဒသမ ၉၂ ရာခိုင်နှုန်း၊ အရက်မူးပြီးမောင်းနှင်ခြင်း ၃၁ ဒသမ ၃၁ ရာခိုင်နှုန်း၊ အမြင်အာရုံမကောင်းခြင်း ၂၀ ဒသမ ၉ ရာခိုင်နှုန်း၊ ယာဉ်တိုက်မှုအဖြစ်များဆုံးမှာ မော်တော်ဆိုင်ကယ်လို့ ဆိုပါတယ်။
ထိုင်းသင်္ကြန်ကာလ မတော်တဆထိခိုက်မှု သတိထားရမယ့် အန္တရာယ်ရှိ ကာလကို ဧပြီ ၁၁ မှ ၁၇ ရက်ထိ သတ်မှတ်ထားပြီး တနိုင်ငံလုံးရှိ လမ်းမကြီးတွေပေါ်မှာ စစ်ဆေးရေးဂိတ်ပေါင်း ၁,၇၆၄ ချထားကာ တာဝန်ကျဝန်ထမ်းအင်အား ၅၁,၀၉၃ ယောက်နဲ့ စောင့်ကြပ်စစ်ဆေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Source : Thai PBS News