Home
ဆောင်းပါး
ဒို့ပြည်သူတွေ ညီရဲ့လားဟေ့
DVB
·
April 14, 2025

“မလုပ်နဲ့ မပစ်ကြနဲ့”၊ အော်ဟစ်သံတွေအဆုံး စစ်ကောင်စီရဲတွေဆီကနေ သေနတ်သံတွေ ၅ ချက် ဆက်တိုက် ထွက်ပေါ်လာပါတော့တယ်။ အဲဒီအခိုက်အတန့်မှာပဲ ကျည်ဆန်နဲ့ မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေကြား ပိတ်မိသွားတဲ့ လူငယ် အမျိုးသမီး၊ အမျိုးသားတွေ အပါအဝင် သပိတ်ပါ ပြည်သူ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ညနေပိုင်း အဝိုင်းကြီးမှာ ပစ်ခတ်ခံခဲ့ရလို့ လူ ၅ ဦးထက်မနည်း ကျဆုံးခဲ့ရသလို ၁၀ ဦးကျော် ကျည်ဆန်ထိမှန် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အဲဒီနေ့ကို မြောက်ဥက္ကလာသားတိုင်း မမေ့ကြပါဘူး။ အချိန်က ၂၀၂၁ ခုနှစ် မတ်လ ၃ ရက် မနက် ၁၀ နာရီခွဲ ဝန်းကျင်လောက်ပါ။ နေရာက မြောက်ဥက္ကလာ၊ သုဓမ္မာလမ်းမကြီးပေါ် အဝိုင်းမှတ်တိုင်နဲ့ ဃဈေးမှတ်တိုင်ကြားက ဆန္ဒပြသပိတ်ပါပဲ။

တကယ်တော့ အဲဒီနေရာက ထိုင်သပိတ် မဟုတ်ပါဘူး။ ကန်သာယာပန်းခြံရှေ့ သပိတ်တွေ စုပေါင်းပြီး မြို့နယ်အတွင်းကို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်ဖို့ လှည့်လည်ကြတဲ့ လူ ၅၀၀ ထက်မနည်းရှိတဲ့ သပိတ်စစ်ကြောင်းတခုပါ။

ဖြိုခွင်းခံရတဲ့နေ့ မတိုင်မီအထိ မြောက်ဥက္ကလာပမှာ လမ်းမကြီးမှန်သမျှ ပိတ်ဆို့တာတွေ၊ လမ်းဖျက်ထားတာတွေ၊ ရပ်ကွက်အလိုက် ကင်းတဲတွေနဲ့ ခြံတံခါးတွေ မရှိကြပါဘူး။

မတ်လ ၃ ရက် မနက် ၈ နာရီလောက်မှာ ကန်သာယာပန်းခြံရှေ့ကနေ သုဓမ္မာလမ်းမအတိုင်း အဝိုင်းဘက်ကို ထွက်လာခဲ့တဲ့ လူအုပ်ကြီးဟာ နွယ်နီလမ်းအကျော်မှာ ခေတ္တရပ်နားခဲ့ကြပါတယ်။

အဲဒီအချိန်မှာ သပိတ်စစ်ကြောင်းနဲ့ ပါလာတဲ့ အမည်မသိ လူအုပ်စုတွေက နွယ်နီလမ်းအကျော်နဲ့ YP ဆီဆိုင်ကြား လမ်းမကြီးကို အရန်သင့်ရှိ‌နေတဲ့ စည်ပင်ရေပိုက်လုံးကြီးတွေ၊ ဘယ်ကရောက်လာမှန်း မသိတဲ့ အကာအရန်တွေနဲ့ လမ်းပိတ်ဆို့လိုက်ကြပါတော့တယ်။

လမ်းပိတ်လိုက်ပြီး ၁၅ မိနစ်လောက်အကြာမှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်က အဝိုင်းဘက်ကနေ ကားတစီးနဲ့ ရောက်လာပြီး Hand Speaker နဲ့ လှမ်းအော်ပြောတာ ကြားရပါတယ်။ လမ်းတွေ မပိတ်ဖို့၊ သပိတ်စစ်ကြောင်း နောက်ပြန်လှည့်ဖို့ပါ။

စစ်ကောင်စီရဲတွေ ပြောသမျှ သပိတ်စစ်ကြောင်းပါ ဆန္ဒပြလူငယ်တွေက လက်မခံကြပါဘူး။ ငြိမ်းချမ်းစွာ ရှေ့ဆက်ချီတက်ဖို့ ပြင်ကြပါတယ်။ အခြေအနေ တင်းမာနေချိန်မှာ မီးခိုးဗုံးဒဏ်ကနေ သက်သာဖို့ ရေစိုအဝတ်နဲ့ ရေအိတ်တွေ ပြင်ထားကြသလို Gas Mask တွေ၊ မီးသတ်ဆေးဘူးတွေ အသင့်ပြင်ထားကြပါတယ်။

သိပ်မကြာပါဘူး။ မြောက်ဥက္ကလာက ၄၃၅၊ ၄၃၆ ခလရ တပ်ထဲက စစ်ကားတစီး အဝိုင်းထိပ်ကို ထပ်ရောက်လာချိန်မှာတော့ စစ်ကောင်စီရဲတွေဘက်က ရှေ့ကို ထိုးတက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ သပိတ်စစ်ကြောင်းတွေကနေ ဘယ်ကပါလာမှန်းမသိတဲ့ အသက်ခပ်လတ်လတ် ရှိသူတွေက လေးခွ၊ ဂျင်ကလိနဲ့ အုတ်ခဲကျိုးတွေသုံးပြီး စစ်ကောင်စီရဲတွေကို အရင်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

“မလုပ်နဲ့ မပစ်ကြနဲ့” လို့ အော်ဟစ်သံတွေဟာ ဆန္ဒပြသပိတ်တွေထဲက လူငယ်တချို့က စတင်ပစ်ခတ်သူ အရပ်သားတွေကို တားဆီးနေတဲ့ အသံဖြစ်ပေမဲ့ စစ်ကောင်စီရဲတွေကလည်း ‌အသံမိုင်းဖောက်၊ မီးခိုးဗုံးတွေ လူအုပ်ထဲ ပစ်သွင်းကာ ပြေးလွှားနေတဲ့ လူငယ်တွေကို သေနတ်နဲ့ နောက်ကျောကနေ ရက်ရက်စက်စက် ပစ်ခတ်ပါတော့တယ်။

ရေစိုအဝတ်နဲ့ ရေဖြည့်အိတ်တွေကလည်း မီးခိုးဗုံးကို မငြှိမ်းနိုင်၊ ဒိုင်းကာလူငယ်တွေကလည်း ကျည်ဆန်မှန်ပြီး ပစ်လဲ၊ သပိတ်ပါ တော်လှန်ညီမငယ်တွေကလည်း လမ်းမပေါ်မှာပဲ အသက်ရှူကျပ် မေ့မြောနေခဲ့ကြပါတယ်။

လမ်းမပေါ်မှာ သွေးကွက်တွေ၊ ရေတွေ ရောနေသလို မီးခိုးလုံးတွေကြား ကိုယ့်ရဲဘော်တွေကို ပခုံးထမ်း ဆွဲသွားကြတဲ့ လူငယ်တွေ၊ လက်နဲ့ ခြေထောက်တွေမှာ အသံမိုင်းနဲ့ မီးခိုးဗုံးစ မှန်သွားလို့ တရွတ်တိုက် ဘေးလွတ်ရာ ပြေးသွားကြသူတွေ အများအပြားပါပဲ။

မီးခိုးဗုံးတွေဟာ လူအုပ်စုတွေရဲ့ အစွန်အဖျားနဲ့ ပြေးလမ်းကြောင်းတွေကို ကျရောက်တာကြောင့် ပြေးနေရင်း ရုတ်တရက် အသက်ရှူကျပ်ပြီး ပစ်လဲသွားသူတွေ ရှိသလို နီးစပ်ရာ ဈေးဆိုင်တွေ၊ အိမ်တွေထဲ ပြေးဝင်ပုန်းခိုနေခဲ့သူတွေ ရှိပါတယ်။

မြောက်ဥက္ကလာ သပိတ်စစ်ကြောင်းမှာ အရေးပေါ် ကျန်းမာရေးအတွက် လိုက်ပါစောင့်ရှောက်ပေးတဲ့ အရပ်ဘက် လူမှုကူညီရေးအသင်းဝင် ၃ ဦးကို စစ်ကောင်စီရဲတွေက သေနတ်နဲ့ ပေါင်ကို ပစ်ခတ်တဲ့အပြင် ဦးထုပ်ဆောင်းထားတဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေရဲ့ ခေါင်းကို သေနတ်ပြောင်းဝကိုင်ပြီး သေနတ်ဒင်နဲ့ ခေါင်းကိုရိုက်ခွဲတဲ့ ဖြစ်စဉ်ဟာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ဖူးပါတယ်။ ကြည့်မိသူတွေ မှတ်မိနိုင်ပါတယ်။

နွယ်နီလမ်းအနီးမှာ စစ်ကောင်စီရဲ့ ရက်ရက်စက်စက် ဖမ်းပြခဲ့တဲ့ လူဖမ်းပွဲအတွင်း လူရာချီ ဖမ်းဆီးခံခဲ့ရပေမဲ့ ကန်သာယာပန်းခြံထိပ်မှာ မြောက်ဥက္ကလာသူ၊ မြောက်ဥက္ကလာသားတွေက မတုန်လှုပ်ဘဲ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေကြဆဲပါ။

ဖမ်းဆီးခံရသူ‌တွေဟာ မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကားနဲ့ အင်းစိန်ထောင် တိုက်ရိုက်ခေါ်ဆောင်သွားခံရပေမဲ့ အဲဒီညနေမှာပဲ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာ ထိုင်သပိတ်တွေ အများအပြား ပေါ်လာခဲ့ကြပါတယ်။

မြောက်ဥက္ကလာပသားတွေကို စစ်ကောင်စီဘက်က လက်နက်သုံး ခြောက်လှန့်နှိမ်နင်းပေမဲ့ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေးနဲ့ ဖမ်းဆီးခံ နိုင်ငံ့ခေါင်းဆောင်တွေ၊ သပိတ်အဖွဲ့ဝင်တွေ ပြန်လည်လွတ်မြောက်ရေးအတွက် ပြည်သူနဲ့တသားတည်း လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲတွေ ရှိလာပါတော့တယ်။

မတ်လ ၃ ရက် ဖြစ်စဉ်ရဲ့ ညနေပိုင်းမှာ စစ်ကားနဲ့ ဝေးသွားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို ဆန္ဒပြသပိတ်စစ်ကြောင်းတွေက ဝိုင်းလိုက်မိသလို ဖြစ်ခဲ့ကြပြီး စစ်ကောင်စီအဖွဲ့ဝင်တွေ ကြောက်လန့်တကြား ထွက်ပြေးကြပါတယ်။

အဝိုင်းကနေ ကျောက်ရေတွင်းကုန်းတံတားအတက်က စစ်ကားဆီ ရောက်တဲ့အခါမှာ ကားပေါ်ကနေ လူအုပ်စုထဲ သေနတ်နဲ့ တရစပ် ပစ်ခတ်ခဲ့တာကြောင့် မြောက်ဒဂုံ၊ မင်္ဂလာဒုံနဲ့ မြောက်ဥက္ကလာပမြို့နယ်အတွင်းက လူငယ် အမျိုးသား ၅ ဦးထက်မနည်း ပွဲချင်းပြီး ကျဆုံးခဲ့ရသလို ပေတရာလမ်းမပေါ်မှာ ပြည်သူတွေရဲ့သွေးတွေ လွှမ်းသွားခဲ့ဖူးပါတယ်။

မတ်လ ၁၀ ရက်နေ့မှာလည်း ကန်သာယာထိုင်သပိတ်ကို စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ရဲတွေ နှစ်ဖက်ညှပ်ပြီး ဖြိုခွင်းခဲ့တာကြောင့် လူငယ် ၂၀ ကျော် ဖမ်းဆီးခံခဲ့ရသလို မတ်လ ၁၂ ရက်နေ့မှာလည်း အဆိုပါ သပိတ်စခန်းကိုပဲ နောက်တကြိမ် ပစ်ခတ်ဖြိုခွင်းခံခဲ့ရပါတယ်။

မတ်လ ၁၄ ရက်ကတော့ သန်းခေါင်ယံတိုက်ပွဲလို့ ခေါ်ကြပါတယ်။

နေ့လယ်ကနေ နောက်မနက်စောစော သန်းခေါင်ယံအထိ စစ်ကောင်စီရဲနဲ့ အပြန်အလှန် ပစ်ခတ်ကြလို့ ဖြစ်ပါတယ်။

ဖြစ်စဉ်အစက ဖမ်းဆီးခံ လူငယ်တွေကို ပြန်မလွှတ်တဲ့အပြင် ထောင်ချပစ်နေတဲ့ မြောက်ဥက္ကလာပ တရားရုံးကို အဲဒီနေ့လယ်ကတည်းက သပိတ်အဖွဲ့တွေ ဝိုင်းမိခဲ့ကြပြီး တရားရုံးဟာ ဝါယာရှော့ဖြစ် မီးလောင်သွားခဲ့ပါတယ်။ တရားရုံးနဲ့ မြောက်ဥက္ကလာ အမှတ် ၉ ရဲစခန်းဟာ လမ်းလျှောက်ရင် ၁၀ မိနစ်အကွာလောက်သာ ရှိပေမဲ့ ကြားထဲမှာ စားသောက်ဆိုင်၊ ပန်းခြံရေကန်တခုက ခြားနေပါတယ်။

အဲဒီညနေပိုင်းမှာ ရဲစခန်းကင်းတဲကနေ နွယ်သာကီလမ်းထိပ်နဲ့ ခေမာသီလမ်းမကြား ပိတ်ဆို့ထားတဲ့နေရာကို သေနတ်နဲ့ လှမ်းပစ်ခတ်နေတာကြောင့် ဒေသခံအမျိုးသား ၃ ဦး ပွဲချင်းပြီး ကျဆုံးခဲ့ရသလို ကျည်ဆန်မှန်လို့ လက်ပခုံးရိုးပြုတ်၊ ခြေချင်းဝတ် ဖြတ်တောက်လိုက်ရသူတွေ၊ လက်ဖျံကနေ ရင်ဘတ်အထိ ကျည်ဖောက်ဝင်သွားသူတွေ ရှိနေခဲ့ပါတယ်။

စစ်ကောင်စီရဲတွေက တောက်လျှောက် ပစ်ခတ်နေတာကြောင့် သပိတ်အဖွဲ့တွေက မီးရှူးမီးပန်းတွေ၊ မိုလိုတော့တွေ သုံးပြီး သူတို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့ကြရပါတယ်။

စစ်ကောင်စီရဲတွေက ပြည်သူတွေကို မအေကိုင်တုပ် ပါးစပ်ကနေ ဆဲဆိုပြီး သေနတ်နဲ့ စိတ်လိုလက်ရ တချက်ချင်း သွေးအေးအေးနဲ့ ရက်ရက်စက်စက် ပစ်ခတ်နေပြီး ညဘက် တိတ်ဆိတ်နေချိန်မှာ ကျည်ဆန်ခွံက မြေပြင်ပေါ်ကျသံ တချွင်ချွင်ကိုတောင် ကြားနေခဲ့ရပါတယ်။

သန်းခေါင်ယံတိုက်ပွဲပြီးတဲ့နောက် လမ်းပိတ်ဆို့ထားတာတွေကို စစ်ကောင်စီဘက်က စတင်ဖယ်ရှားလာနေခဲ့ပြီး သပိတ်ပါ လူငယ်တွေရဲ့ အိမ်တွေကို ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်လာခဲ့ပါတယ်။

မတ်လ ၁၄ ရက်နဲ့ မတ်လ ၂၀ အတောအတွင်း ဝေဘာဂီကူးစက်ရောဂါကုဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဆန္ဒပြခဲ့ကြတဲ့ ဖြစ်စဉ်ကလည်း မေ့မရကြပါဘူး။

အဲဒီညက ၉ နာရီကျော်ပါပြီ။ သပိတ်အဖွဲ့ ၄ ဖွဲ့ပေါင်းပြီး ဆေးရုံထိပ်မှာ ဆန္ဒထုတ်ဖော်ကြပါတယ်။ စစ်ကောင်စီဘက်က စစ်ကူရောက်မရောက် သိရဖို့ လမ်းမကြီးထိပ်မှာ ကင်းထောက်လွှတ်ထားပါတယ်။

ဝေဘာဂီဆေးရုံဟာ ဝေဘာဂီမြို့သစ်၊ ခြောက်ကွေ့လမ်းဆုံအနီး၊ နာမည်ကျော် ဇမ္ဗူအေးကျောင်းတိုက်ဝန်းနဲ့ ကပ်ရက်မှာ ရှိနေပြီး အဲဒီညက သပိတ်မှာ သပိတ်လူငယ်တွေသာမက ပြည်သူတွေ၊ သာသနာ့ဝန်ထမ်းတွေပါ လာရောက် အကဲခတ်နေကြပါတယ်။

၉ နာရီခွဲလောက်မှာ စစ်ကားတစီး ရှာဖွေကယ်ဆယ်သုံး ဆလိုက်မီးတပ်ပြီး တရကြမ်း မောင်းဝင်လာတော့တယ်။ သပိတ်အဖွဲ့တွေဟာ ဂယ်ပေါက်အဖြစ် ရွေးထားတဲ့ ဇမ္ဗူအေး ဘုန်းကြီးကျောင်းဝန်းကတဆင့် သုဓမ္မာလမ်းမကြီး ဆုတ်ခွာဖို့ စီစဉ်ခဲ့ကြပေမဲ့ အရေးပေါ် အခြေအနေမှာ ဘယ်ကျောင်းတိုက်မှ တံခါးဖွင့်ပေးတာ မရှိတာကြောင့် မြောင်းဖုံးတွေ၊ ထင်းပုံတွေ ကြားထဲ အသက်လုပြေးခဲ့ရသလို ကန်စွန်းကန်ထဲ ခုန်ချပုန်းအောင်းနေခဲ့ရတဲ့ သပိတ်လူငယ်တွေလည်း ရှိခဲ့ပါတယ်။

ကံကောင်းထောက်မမှုနဲ့ အဲဒီညက Gen Z တွေ တယောက်မှ ဖမ်းဆီးခံရတာမျိုး မရှိခဲ့ကြပါဘူး။ မတ်လ ၂၅ နောက်ပိုင်းမှာ လမ်းတွေ ရှင်းသလောက် ဖြစ်သွားရသလို လမ်းမ‌ပေါ် သပိတ်အဖွဲ့တွေ မမြင်ရတော့ပါဘူး။

အကြောင်းကတော့ CRPH က စာတစောင်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ရပ်ကျေးအဆင့်ကနေ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်နယ်အထိ အဆင့်ဆင့် ဖွဲ့စည်းပြီး လက်နက်ကိုင် အာဏာရှင် စစ်ကောင်စီတပ်ကို တန်ပြန်တိုက်ခိုက်ဖို့ သိလာရလို့ ဖြစ်ပါတယ်။

မတတ်သာလို့ သပိတ်တွေ၊ လှုံ့ဆော်မှုတွေ ခဏဝေးခဲ့ပေမဲ့ အာဏာသိမ်းပြီး ၁ နှစ်အကြာ ၂၀၂၂ ခုနှစ်မှာပဲ မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ကို တန်ပြန်တိုက်ခိုက်မှုတွေ ရှိလာခဲ့ပြီး စစ်ကောင်စီ ထောက်တိုင်တွေကို ရှင်းလင်းရေးလုပ်ငန်းတွေ ရှိလာပါတော့တယ်။

သပိတ်တွေ မရှိတော့ပေမဲ့ တော်လှန်စိတ်ဟာ မြို့နယ်သူ၊ မြို့နယ်သားတွေမှာ ကြီးစိုးနေပါတယ်။ ပြည်သူအများစုက တော်လှန်ရေးအစိုးရတွေရဲ့ လမ်းညွှန်ချက်အတိုင်း နေခဲ့ကြတာ တွေ့ရပါတယ်။

နောက်ပိုင်းတော့ မအောင့်နိုင်သူတွေက စစ်အုပ်စုကျောင်းနဲ့ လုပ်ငန်းခွင် ပြန်ဝင်သွားကြတာ ရှိသလို အုပ်ချုပ်ရေးပိုင်းမှာပါ အရှက်အကြောက်မရှိ ဝင်ရောနေသူတွေ မြင်လာရပါတယ်။

၂၀၂၁ ကနေ ၂၀၂၅ ခုနှစ် ရောက်လာပါပြီ။ အာဏာသိမ်းကာလဟာ ၄ နှစ်ကျော်လာခဲ့ပြီ။ လိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်အတွက် အာဏာရှင်စစ်ကောင်စီတပ်ကို ရရာနည်းနဲ့ တိုက်ဖို့ လိုနေပါပြီ။

အာဏာသိမ်းခါစကလို လူထုအားနဲ့ အမှတ်သညာရှိဖို့လည်း လိုလာပါပြီ။ ရန်၊ ငါ စည်းပြတ်ဖို့ အရေးကြီးသလို နွေဦးတော်လှန်ရေး ၂၀၂၁ မတ်လအတွင်း စစ်ကောင်စီတပ်က ဘယ်လို အကြမ်းဖက် ရက်စက်ခဲ့သလဲ ဆိုတာကို မှတ်မိသဘောပေါက် ဆင်ခြင်နိုင်ဖို့ အာဏာရှင်တော်လှန်ရေးမှာ “ဒို့ပြည်သူတွေ ညီရဲ့လားဟေ့” “ညီတယ်ဟေ့ ညီတယ်ဟေ့” ဖြစ်ကြပါလို့ တိုက်တွန်းအသိပေးပါရစေ။

ကြည်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024