Home
မြန်မာသတင်း
နွားထိုးကြီးတွင် စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ နေအိမ် ၅ လုံး မီးလောင်
DVB
·
April 13, 2025
Air attack13042025

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ ဧပြ ၁၁ ရက်နေ့ ည ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တာကြောင့် အသက် ၈၀ ကျော် ပြည်သူတယောက် သေဆုံးကာ လူနေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နွားထိုးကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူ့အခွင့်အရေးတာဝန်ခံက “စစ်တပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ နွားထိုးကြီးမြို့နယ်ထဲက လက်ဝဲမြင်းနီရွာထဲက လူနေအိမ်တွေပေါ်ကိုကျပြီး အသက်ကြီးပိုင်းဖြစ်တဲ့ အမျိုးသားတယောက် သေဆုံးသွားပါတယ်။ အိမ် ၅ လုံးလည်း မီးလောင်ပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။

အဆိုပါလက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့လို့ လက်ဝဲမြင်းနီကျေးရွာအတွင်းမှာ နေထိုင်နေတဲ့ အသက် ၈၂ နှစ်အရွယ် ဦးပေါသန်းဟာ နေရာမှာတင် သေဆုံးခဲ့သလို လူနေအိမ် ၅ လုံးထက်မနည်းလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နွားထိုးကြီးအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တခုရဲ့တာဝန်ခံက “ခမရ ၁၅ တပ်ရင်းထဲက လက်နက်ကြီးတွေနဲ့ ၄ ကြိမ်လောက်ပစ်တယ်။ အဲ့ဒီထဲက လက်နက်ကြီးကျည်က လက်ဝဲမြင်းနီရွာထဲက ဦးပေါသန်းရဲ့ အိမ်ပေါ်တည့်တည့်ကျခဲ့တာဖြစ်တယ်။ လက်ဝဲမြင်းနီရွာက စစ်တပ်ရဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခံရတဲ့ရွာလည်းဖြစ်တယ်။ စစ်တပ်ဘက်ကလည်း တိုင်းရင်းသားနယ်မြေတွေမှာ စစ်ရှုံးလို့ အညာဒေသကို ပိုဖိနေတယ်လို့ မြင်တယ်” လို့ DVB ကို ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဟာ အဆိုပါလက်ဝဲမြင်းနီကျေးရွာကို စစ်ကြောင်းထိုးတာ၊ လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာ နှစ်ချီကြာမြင့်နေပြီလို့ ဆိုပါတယ်။

နွားထိုးကြီးမြို့နယ်အတွင်းက ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ​လေကြောင်းတိုက်ခိုက်မှုတွေကို သတိထားနေထိုင်ကြဖို့နဲ့ ဗုံးခိုကျင်းတွေ တူးထားကြပြီး လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေကို အထူးဆောင်ရွက်ထားကြဖို့ သတိပေးတိုက်တွန်းထားတယ်လို့လည်း ဆို​ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကစ ၂၅ ရက်အထိ နွားထိုးကြီးနယ်ထဲက လက်ဝဲမြင်းနီကျေးရွာ၊ ကွမ်းအုံကျေးရွာနဲ့ ရွှေမုဌောကျေးရွာတွေကို စစ်ကောင်စီတပ်က ၃ ရက်ဆက်တိုက်လေကြောင်း တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်အပါအဝင် ဒေသခံ ၃ ယောက် သေဆုံးခဲ့ရပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းတွေနဲ့ လူနေအိမ် ၃၀ နီးပါး ပျက်စီးခဲ့တယ်လို့လည်း မှတ်တမ်းတွေအရသိရပါတယ်။

Photos .... နွားထိုးကြီးမြို့နယ် ပအဖ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024