ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF ရဲ့ ထိန်းချုပ်နယ်မြေထဲက ပြည်သူလူထုကို ဧပြီ ၁၁ ရက်မှာ သွားရောက်ဆေးဝါးကုသပေးခဲ့တယ်လို့ DPLF က ဧပြီ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဆေးဝါးဝယ်ယူဖို့အတွက် အခက်အခဲရှိနေသူတွေကို DPLF ဆေးတပ်ဖွဲ့က တိုက်ရိုက်ကွင်းဆင်းပြီး ဆေးကုသပေးခဲ့တာလို့ သိရပါတယ်။
DPLF တပ်ရင်းတာဝန်ရှိသူက “ဒီတခေါက် ကွင်းဆင်းကုသတာကတော့ အဓိက အိမ်ထောင်သည် အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက်ပေါ့။ အိမ်ထောင်သည်တွေအတွက်ကတော့ သားဆက်ခြား ပိုက်ထည့်တာတွေ လုပ်ဆောင်ပေးပါတယ်။ နောက်ပြီး ၅ နှစ်အောက် ကလေးငယ်တွေအတွက် ကာကွယ်ဆေးထိုးတာတွေပေါ့” လို့ ပြောပါတယ်။
ထိန်းချုပ်နယ်မြေအတွင်းက တချို့ကျေးရွာဒေသတွေဟာ ရေရှားပါးတဲ့အတွက် ကလေးသူငယ်တွေမှာ ယားနာပေါက်တာတွေ၊ ကျန်းမာရေးချို့တဲ့တာတွေရှိနေလို့ ကာကွယ်ဆေး ထိုးပေးခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ဧပြီ ၁၂ ရက်နေ့မှာလည်း စစ်လက်ကျန်ပစ္စည်းတွေနဲ့ပတ်သက်ပြီး အသိပညာပေး ဟောပြောတာ၊ သရုပ်ပြသတာ၊ ပိုစတာကပ်ပြီး အသိပေးတာ၊ မပေါက်ကွဲသေးတဲ့ စစ်လက်ကျန်ပစ္စည်းတွေကို ကိုင်တွယ်ဆော့ကစားတာလုပ်ဖို့ တားမြစ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ပြည်သူတွေရှိရာ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေ ပြုလုပ်လေ့ရှိတာကြောင့် စစ်လက်ကျန်ပစ္စည်းတွေနဲ့ပတ်သက်ပြီး ပြည်သူတွေ ဘေးကင်းစေဖို့ ပို့ချတာဖြစ်တယ်လို့ ဆိုပါတယ်။