
ပဲခူးတိုင်းအတွင်းက ကျေးရွာတချို့မှာ ညအိပ်ဧည့်သည်လက်မခံဖို့ သင်္ကြန်ရုံးပိတ်ရက် အစနေ့မှာတင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေကတဆင့် အသိပေးကြေညာတာမျိုးရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၁၂ ရက် ဒီနေ့ နေလယ်ပိုင်းမှာ အုပ်ချုပ်ရေးမှူးက ညအိပ်ဧည့်သည်လက်မခံဖို့ အသံချဲ့စက်နဲ့ တရွာလုံးကြားအောင် ပြောဆိုအသိပေးလာတာလို့ ကဝမြို့နယ်နေ ပြည်သူတယောက်က ပြောပါတယ်။
“အထက်က ညွှန်ကြားတာလို့ပြောတယ်။ ဒီနေ့မှအားချင်းကြီး အသိပေးတာ။ ပိတ်ရက်မို့လို့ အလည်လာမယ့်သူတွေ ဒုက္ခရောက်ကုန်တာပေါ့။”
အရင်က ညအိပ်လာမယ့်ဧည်သည်တွေကို နေထိုင်ခဲ့တဲ့ ရပ်ကွက်ရဲ့ထောက်ခံစာပါရင် ဧည့်စာရင်းနဲ့ နေထိုင်ခွင့်ပေးပေမဲ့ အခုက ဧည့်စာရင်းပါမပေးတော့ဖို့ မြို့နယ်က ညွှန်ကြားထားတာလို့ အုပ်ချုပ်ရေးအပိုင်းနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“လုံခြုံရေးအရလို့တော့ ပြောတာပဲ။ ဒီကာလက သင်္ကြန်ရက်ရှည်ရုံးပိတ်ဆိုတော့ မိဘဆွေမျိုးတွေဆီ အလည်အပတ်ပြန်ကြလေ့ရှိတဲ့အချိန်လေ။ ဒါကိုနားလည်ပေးရမှာ။”
ပခူးတိုင်းအနောက်ခြမ်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီစစ်တပ်တို့ လက်ရှိ စစ်ရေးတင်းမာနေကာ လုံခြုံရေး ပိုမိုတင်းကျပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။