
သီပေါမြို့လေးထဲ ကားဝင်လာတော့ ၁ နာရီခွဲခန့်ရှိပြီ။ ကျနော်တို့ နေ့လယ်စာ ဆာနေကြပြီ။ သို့နှင့် သီပေါဈေးတဝိုက် ထမင်းဆိုင်လိုက်ရှာကြည့်ရန် ကားကို မူဆယ်-မန္တလေး လမ်းမကြီးမှတဆင့် ဈေးဘက်သို့ ချိုးကွေ့ဝင်လိုက်သည်။
ဈေးပတ်လမ်းပေါ်အရောက် ယာယီရွက်ဖျင်တဲအောက်မှ ဂီတာဝိုင်းတခုကို လှမ်းမြင်လိုက်တော့ ကျနော် မျက်လုံးပြူးသွား၏။
ဗုဒ္ဓေါ.... ရှမ်းမြောက်တိုက်ပွဲများအတွင်း နောက်ဆုံးတိုက်ပွဲဖြစ်ခဲ့ရာ မြို့လေးတွင် ပျော်ပွဲရွှင်ပွဲများ ရှိနေပြီလားဟု အတွေးဝင်မိသည်။ ကားက ထိုဂီတာဝိုင်းအနီး ရောက်လာချိန်မှ သေချာ သိရတော့သည်။ ငလျင်ဒဏ်သင့် ပြည်သူများအတွက် ပါဝင်ကူညီလှူဒါန်းပေးကြပါ ဟူသော ရွက်ဖျင်တဲ၌ ချိတ်ဆွဲထားသည့် ခေါင်းစီးဗီနိုင်းစကို မြင်မှ သဘောပေါက်တော့သည်။ မြို့ခံလူငယ်တချို့ Unplugged ဂီတဝိုင်းလေးဖြင့် ငလျင်ဘေးကြောင့် ဒုက္ခရောက်ခဲ့ရသူများအတွက် အလှူခံနေကြခြင်း။
သူတို့အလှူခံမဏ္ဍပ်နှင့် မနီးမဝေးက မြန်မာထမင်းဆိုင်တခုရှေ့တွင် ကျနော်တို့ကားကို ထိုးရပ်လိုက်သည်။ ထမင်းစားပြီးသည်နှင့် အတူပါလာသည့် ညီဝမ်းကွဲကို ဆိုင်တွင်ထားခဲ့ကာ ကျနော် အလှူခံမဏ္ဍပ်ဆီသို့ လမ်းလျှောက်သွားလိုက်၏။ ငွေဖလားထိုးပေးလာသော အမျိုးသမီးငယ်ထံသို့ အလှူငွေ သုံးထောင် ထည့်ဝင်လိုက်ပြီးနောက် ဂီတာဝိုင်းကို ရပ်ကြည့်မိသည်။ သီဆို တီးခတ်နေသော လူငယ်များ၏ မျက်ဝန်းများထဲတွင် ပျော်ရွှင်မှုအရိပ်အယောင်များ ဗလာနတ္ထိ။
“ကျမတို့ ပြည်သူတွေမှာ ပြည်သူပဲ ရှိပါတယ်ရှင်၊ ပြည်သူအချင်းချင်း ဝိုင်းဝန်းကူမှသာ ငလျင်ဒဏ်သင့် ပြည်သူတွေ နာလန်ထူမှာမို့ သဒ္ဓါတရား နည်းများမဆို ပါဝင်ကူညီ လှူဒါန်းပေးကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်ရှင်”
မိုက်ကိုင်ဆော်ဩနေသော အမျိုးသမီငယ်အနီး ကျနော်သွားရပ်တော့ သူမက မိုက်ခလုတ်ကို ပိတ်ကာ မော့ကြည့်ရင်း မေးဆတ်ပြသည်။
“ဪ .... သမီးတို့ အခု အလှူခံပြီး ဘယ်ဒေသတွေကို ဘယ်လိုပုံစံနဲ့ လှူဒါန်းသွားမယ် ဆိုတာလေး သိချင်လို့ပါ”
ကျနော့်အမေးကို သူမက ချက်ချင်းမဖြေ ထိုင်ခုံလွတ်တခုကို လှမ်းယူ ထိုးပေးရင်း “ခဏလေးနော်... သမီးတို့အသင်းက အတွင်းရေးမှူးကို ခေါ်ပေးမယ်ရှင့်” ဟုဆိုကာ ဂီတာဝိုင်းနောက် ထိုင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတယောက်ကို သွားခေါ်လာ၏။ ထိုသူက ပြုံးပြနှုတ်ဆက်ကာ “ဟုတ် ပြောပါဗျ” ဟု စကားလမ်းကြောင်းဖွင့်ပေးသဖြင့် စောစောက မေးခွန်းကိုပင် ကျနော် ပြန်မေးလိုက်သည်။
“ဟုတ်ကဲ့.... ကျနော်တို့ကိုယ်တိုင်တော့ ငလျင်ဒဏ်သင့်ဒေသတွေကို သွားလို့မရဘူးပေါ့လေ၊ ဒါပေမဲ့ အဲဒီဘက်မှာရှိနေတဲ့ စိတ်ချရတဲ့ အသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဒီကရသမျှကို ပြန်လှူပေးသွားမှာပါဗျ၊ ပြည်သူတွေဆီပဲ တိုက်ရိုက်ရောက်အောင် လှူမှာပါဗျ” ဟု တိုင်းရင်းသားသံ ဝဲဝဲဖြင့် ရည်ရည်မွန်မွန် ဖြေသည်။ စားပွဲစွန်းနှင့် ငြိမိနေသော (------) လူမှုကူညီရေးအသင်း သီပေါ ဟူ၍ တံဆိပ်ပါသည့် ဝစ်စကုပ်အင်္ကျီကို အသာအယာဆွဲဖြည်ယူရင်း “ဟုတ်ကဲ့ .... အစ်ကိုက ဘယ်အဖွဲ့အစည်းကလဲ မသိဘူး။ ကျနော်တို့က ဧပြီ ၃ ရက်နေ့ကစပြီး အလှူခံပါတယ်၊ နေ့စဉ် အလှူခံရငွေစာရင်းကိုလည်း ဘဏ္ဍာရေးအဖွဲ့က သေချာလုပ်ထားပါတယ်၊ ကြည့်ချင်သေးလား မသိဘူး” ဟု ပြန်လည်မေးလာသဖြင့် ကျနော် လက်ကာပြရင်း ဘယ်အဖွဲ့အစည်းကမှ မဟုတ်ကြောင်း လမ်းကြုံဝင်လာသည့် ခရီးသည်တဦးသာ ဖြစ်ကြောင်း၊ ရံဖန်ရံခါ စာရေးကြောင်းတို့ကို ပြန်ရှင်းပြရ၏။
ထမင်းဆိုင်မှ ထွက်လာပြီးနောက် အလည်သွားမည့် မိုးကုတ်မြို့ဘက်ဆီ ကားကို ဦးတည်လိုက်သည်။ မကြာသေးမီကမှ မြို့နယ်ဆေးရုံကို ဗုံးကြဲခံထားရသည့် ကျောက်မဲမြို့ထဲတွင်လည်း ငလျင်ဒဏ်သင့် ပြည်သူများအတွက် အလှူခံအဖွဲ့တချို့ကို မြင်တွေ့လာရသည်။ ကျောက်မဲ ကျော်၍ မိုင်းလုံ ရောက်သောအခါတွင်လည်း ညနေစောင်းသော်လည်း မသိမ်းနိုင်သေးသည့် ငလျင်အလှူခံအဖွဲ့တခုကို ဖြတ်သွားရင်း လှမ်းမြင်ခဲ့ရ၏။ မိုးကုတ် ရောက်တော့ ညနေ ၆ နာရီကျော်နေပြီ။ တည်းခိုရာအိမ်တွင် စားသောက်ပြီး အိပ်လိုက်ကြသည်။
နံနက်အိပ်ရာထ မျက်နှာသစ်ပြီး လမ်းထိပ်က လက်ဖက်ရည်ဆိုင်သို့ အသွားတွင် တွေ့လိုက်ရသည်က ငလျင်ဘေးဒဏ်သင့် ဒေသများအတွက် တလမ်းဝင်တလမ်းထွက် အလှူခံနေသည့် မိုးကုတ်ပရဟိတအဖွဲ့တခု။ တဝေါဝေါ မြည်သံပေး ပျံသန်းသွားသည့် တိုက်လေယာဉ်ကို မော့ကြည့်ရင်း အလှူခံအဖွဲ့များ ရှေ့သို့ လှမ်းချီနေကြစဲ။ မြင်ရသည့် မြင်ကွင်းကား ရင်မောဖွယ် ကောင်းလေစွ။
လက်ဖက်ရည်ဆိုင်အတွင်း ထိုင်ရင်း အတွေးမြင်ကွင်းထဲ ဖျတ်ခနဲ ပေါ်လာသည်က အာဏာသိမ်းမှုကို တုံ့ပြန်ဆန္ဒပြပွဲများအား စစ်ကောင်စီ ရက်ရက်စက်စက် နှိမ်နင်းစဉ်က စစ်တပ်နှင့် ရဲတို့၏ သေနတ်ဒင်နှင့် လွှဲ၍ လွှဲ၍ ဦးခေါင်းကို အရိုက်ခံခဲ့ကြရသည့် မြောက်ဥက္ကလာပမှ ပရဟိတ အသင်းဝင်တို့၏ ပုံရိပ်များ။ မြောက်ဥက္ကလာပ ပရဟိတအဖွဲ့ဝင်များသာ မကပါ၊ တနိုင်ငံလုံးရှိ ပရဟိတအဖွဲ့ အတော်များများကို စစ်ကောင်စီက ရန်သူသဖွယ် သဘောထားကာ ဝင်ရောက်စီးနင်း လုယက် ယူငင် ဖျက်ဆီးခဲ့ဖူးသည်။ ပရဟိတအဖွဲ့ဝင်များစွာကိုလည်း ထောင်သွင်း အကျဉ်းချပစ်ခဲ့သည်။ ဒါသည် ကျနော်တို့ မျက်ဝါးထင်ထင် တွေ့မြင်ကြားသိခဲ့ရသော မဝေးသေးသည့် ကာလတခု။ မေ့ဖျောက်ပစ်ခြင်း မထိုက်တန်သည့် စစ်ကောင်စီ၏ ယုတ်မာရိုင်းစိုင်းမှုများ။
သို့သော် ပရဟိတအဖွဲ့များကား ကြာကြာ နာနိုင်ကြဟန်မတူ။ ပြည်သူအများ ဒုက္ခရောက်နေကြပြီ ဟူသော မြင်ကွင်းများက ကန်စွန်းရိုးခြောက်ကို ရေထဲ ပစ်ပေါက်လိုက်သည့်နှယ် ပရဟိတအဖွဲ့တို့သည် ချက်ချင်း ရုန်းကြွလာကြ၏။ ပြည်သူမှ ပြည်သူသို့ ဆိုသည့်အသိနှင့် ချီတက်နေကြဟန် တူ၏။ ကျနော် မြင်တွေ့ခဲ့ရသော ငလျင်ဘေးအလှူခံ ပရဟိတအဖွဲ့များသည် ရှမ်းမြောက်ဒေသမှ လူမှုရေးအသင်းအဖွဲ့များသာ ဖြစ်၏။ လူမှုရေးအသင်းအဖွဲ့ ဆိုသည်မှာ အုပ်ချုပ်ရေးအဖွဲ့တို့၏ သဘောတူညီမှုဖြင့်သာ လှုပ်ရှားကြရလေ့ရှိရာ သီပေါ၊ ကျောက်မဲ၊ မိုင်းလုံ၊ မိုးမိတ်တို့ကို ထိန်းချုပ်ထားသည့် PSLF/TNLA ၏ သဘောထားကြီးမှုကို မျက်မြင်ဒိဋ္ဌ တွေ့ရသည်။ တချို့နေရာများတွင် TNLA ဝတ်စုံဝတ်တို့ ကိုယ်တိုင် ငလျင်ဘေးအတွက် အလှူခံပေးနေသည်ကို မြင်တွေ့ရ၏။
မိုးကုတ်ပရဟိတအဖွဲ့ဝင်တဦးဖြစ်သည့် ညီမဝမ်းကွဲကို “ညည်းတို့အဖွဲ့က ဘယ်ဒေသတွေကို ပြန်လှူမှာလဲ” ဟု တီးခေါက်ကြည့်တော့ “မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် အစုံပေါ့၊ ခွဲလှူရမှာပေါ့ အစ်ကိုကြီးရယ်” ဟု ဖြေသည်။ “နေပြည်တော်က Non CDM တွေဆီ ညည်းတို့အလှူတွေ ရောက်သွားရင်ကော” ဟု ကျနော်က စနောက်မေးမိသည်။ သူက မျက်မှောင်ကြုတ်ကာ တချက် တွေသွားရင်း “အို.... ဒီအချိန်ကတော့ ဘယ်သူ့လက်ထဲရောက်ရောက် ငလျင်ဘေးကြောင့် တကယ် ဒုက္ခရောက်နေသူတွေ လက်ထဲ ရောက်ဖို့ပဲ အရေးကြီးတာပါ” ဟု သက်ပြင်းခိုးချပြီး တိုးတိတ်စွာ ဆို၏။ ဤသည်မှာ ဧပြီလ ၅ ရက်နေ့ကပင် တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲခံခဲ့ရသည့် မိုးကုတ်ဒေသခံတဦး၏ စကား။
မိုးကုတ်ဒေသသည် အခြားဒေသများကဲ့သို့ မဟုတ်။ စိုက်ပျိုးမြေ ကျယ်ကျယ်ပြန့်ပြန့် မရှိ။ အခြားမြို့ကြီးများနှင့် ကူးသန်းရောင်းဝယ် ဖောက်ကားရန် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့်မြို့ မဟုတ်။ ဘူတာရုံမရှိ၊ သင်္ဘောဆိပ် နတ္ထိ။ သဘာဝတရားက ပေးထားသည့် ကျောက်လုပ်ငန်းတခုတည်းနှင့် ရပ်တည် လုပ်ကိုင် စားသောက်နေကြရသည့်မြို့။ ထိုမြို့လေး၏ စားအိုးဖြစ်သည့် ကျောက်လုပ်ကွက်များကိုလည်း စကစသည် မကြာခဏ လာလာခွဲ၏။ လာလာဗုံးကြဲ၏။ မကြာခဏ စားအိုးကို အခွဲခံ၊ အခြိမ်းခြောက်ခံနေရသော ဒေသခံများသည် ငလျင်ဘေးအတွက် လှူကြဦးမည်။ လှူနေကြပြီ။
တကယ်တော့ ကျနော် မြင်တွေ့ခဲ့ရသည့် ရှမ်းမြောက်ဒေသမှ မဟုတ်။ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ကဲ့သို့သော စစ်ဘေးဒဏ် အသည်းအသန် ခံနေရသည့် ဒေသခံများသည် ငလျင်ဘေးအတွက် ဆိုတော့ ကူကြ၊ လှူကြပြန်သည်။ နေ့နေ့ ညည စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း စိုးတထိတ်ထိတ် နေထိုင်နေကြရသူများက လတ်တလော ငလျင်ဘေးဒဏ်ခံရသူများကို ပြန်ကူ၊ ပြန်ထူပေးနေကြရသည့် အဖြစ်။
စစ်ကောင်စီ တိုက်ပွဲရှုံး၍ လက်လွှတ်ခဲ့ရသော နယ်မြေတွင် နေထိုင်နေကြသည့် အရပ်သား ပြည်သူများကိုပါ မချန် “မြေကျန်ရင် ရပြီ” ဟု လေယာဉ်ဖြင့် ဗုံးကြဲ သတ်ဖြတ်ရန် ဆော်ဩ လှုံ့ဆော်ခဲ့ကြသည့် စစ်တပ် လော်ဘီများ၊ ယခုအချိန်ထိ ကိုယ်တိုင် ဗုံးကြဲနေကြသော လေတပ် တပ်ဖွဲ့ဝင်များ၊ နေပြည်တော်နှင့် တိုက်ပွဲမရှိရာအရပ်တွင် နေထိုင်လျှင် လုံခြုံပြီဟု အထင်ရောက်ခဲ့ကြသော Non CDM ဝန်ထမ်းများ အနေဖြင့် လေကြောင်းတိုက်ခိုက်မှု ဘယ်အချိန်ခံရမလဲဟု စိုးထင့်နေရသော သောကသည်များထံမှ ငလျင်ဒဏ်သင့် ဒုက္ခသည်များထံသို့ လှူဒါန်းပေးနေကြရသည့် ကမောက်ကမနိုင်လှသည့် အဖြစ်ကို မည်သည့်အချိန်ရောက်မှသာ စာနာ နားလည်နိုင်ကြမှာပါလိမ့်။ ၎င်းတို့အနေဖြင့် ကိုယ်ချင်းစာတရား ထားတတ်လာအောင် မိဘဆွေမျိုးများက မည်သည့်အချိန်တွင်မှ ဆုံးမဩဝါဒ ပေးကြမှာပါလိမ့်။ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် စစ်ဘေး၊ ရေဘေး၊ ငလျင်ဘေး ဒုက္ခနွံအတွင်း အထပ်ထပ်နစ်နေရသော အရပ်သား ပြည်သူများကို ကျောခိုင်းကာ လက်တဆုပ်စာသော စစ်ဗိုလ်ချုပ်ကြီးများကို မျက်နှာမူ၍ အမိန့်နာခံခြင်း အမှုကို မည်သည့်အချိန်ထိ ပြုနေကြမှာပါလိမ့်။
တွေးရင်း မောရပါသော်ကော။
စိုင်းမင်းအောင်