
ကိုရီးယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာ အထောက်အပံ့တွေ ပေးရာမှာ စစ်ကောင်စီကို တိုက်ရိုက်ပေးအပ်မှာမဟုတ်ဘဲ နိုင်ငံတကာအဖွဲ့အစည်းတွေကတဆင့် ပေးမယ်လို့ ဧပြီ ၁၀ ရက်က ကိုရီးယားလွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ကြားနာပွဲမှာ လွှတ်တော်အမတ် အီယုန်ဆွန်းက ပြောပါတယ်။
ကြားနာပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက “စစ်တပ်ဖန်တီးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သဘာဝမြေငလျင်ဒဏ်ကြားက မြန်မာနိုင်ငံ” ခေါင်းစဉ်နဲ့ အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပါအဝင် ငလျင်ဖြစ်စဉ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ကောင်စီရဲ့ တုံ့ပြန်ရေး လုပ်ငန်းတွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဝန်ကြီး ဦးအောင်မျိုးမင်းက ကိုရီးယားအစိုးရနဲ့ လွှတ်တော်ကို တောင်းဆိုရာမှာတော့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိတ်ပင်ဖို့၊ စစ်လက်နက်နဲ့ လေယာဉ်ဆီ အပါအဝင် နည်းပညာ ထောက်ပံ့တာတွေကို ပိတ်ပင်ဖို့ စတာတွေအပါအဝင် လူသားချင်းစာနာမှု အထောက်အပံ့တွေ ပေးရာမှာလည်း စစ်ကောင်စီနဲ့ မပူးပေါင်းဘဲ NUG နဲ့ ဒေသခံတွေကတဆင့်သာ ပေးပို့ဖို့ စတာတွေကို တောင်းဆိုခဲ့ပါတယ်။
ကိုရီးယားလွှတ်တော်အမတ် အီယုန်ဆွန်းက ကိုရီးယားနိုင်ငံအနေနဲ့ လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့တွေကို စစ်ကောင်စီထံ တိုက်ရိုက်ပေးအပ်မှာ မဟုတ်ဘဲ မြန်မာပြည်သူတွေဆီကို ရောက်ရှိအောင် နိုင်ငံတကာ အဖွဲ့အစည်းတွေကနေ တဆင့်သာ ပေးအပ်မှာဖြစ်ကြောင်းနဲ့ ကိုရီးယားအစိုးရက မြန်မာနိုင်ငံမှာ အာဏာသိမ်းဖို့ကြိုးပမ်းမှု ဖြစ်စဉ်ကတည်းက ချမှတ်ထားတဲ့ နိုင်ငံခြားရေး မူဝါဒအတိုင်း ဆက်လက်ရပ်တည်နေကြောင်းကို ပြန်လည်ပြောကြားခဲ့ပါတယ်။
ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးရဲ့ တာဝန်ရှိသူတယောက်က “ကိုရီးယားအစိုးရက အခုလည်း နိုင်ငံတကာအေဂျင်စီတွေကိုပဲ ပေးတယ်၊ တိုက်ရိုက်မပေးဘူးလို့ ပြောပါတယ်။ လွှတ်တော်ကလည်း အဲအတိုင်းပဲ ဖြစ်အောင် ထိန်းကျောင်းမယ်လို့ ပြောပါတယ်” လို့ ပြောပါတယ်။
ကိုးရီးယားလွှတ်တော်အမတ်တွေရဲ့ ဖိတ်ကြားမှုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်း၊ NUG ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းတို့နဲ့အတူ ကိုရီးယားလွှတ်တော် နိုင်ငံခြားရေးရာကော်မတီဝင် အီယုန်ဆွန်း၊ ဒီမိုကရက်ပါတီ အမတ်တွေ အပါအဝင် ကိုရီးယားရောက် မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တခြားသောတာ၀န်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဝေဝေ