Home
ဆောင်းပါး
ငလျင်ကယ်တာ ဗေဒင်ဆရာ လိုသလား 
မောင်တူး
·
April 10, 2025

ငလျင်ကယ်ရေး၊

စစ်တပ်ကျေးဇူး

မူးလို့တောင်မှ၊

ရှုစရာမရှိ လူတိုင်းသိ။ ။

ကျနော် တော်တော့်ကို ပြောချင်လွန်းလို့ပါ။ “မန္တလေးငလျင်ကြီး” လို့ ခေါ်ဆိုကြပါလို့ စစ်ကောင်စီက ပြောတာကို ကြည့်ပြီး ပြောစရာရှိလာတာပါ။ သတင်းဌာနတွေ မီဒီယာတွေ တညီတညွတ်တည်း ခေါ်ဝေါ်သုံးစွဲနိုင်ဖို့ “မန္တလေးငလျင်ကြီး” လို့ ခေါ်ကြရမယ်လို့ စစ်တပ်ပြောခွင့်ရသူက ပြောခဲ့ပါတယ်။ စစ်ကိုင်းပြတ်ရွေ့ကြောင့် ဖြစ်တဲ့ စစ်ကိုင်းငလျင်ဆိုပြီး သတင်းတွေလွှင့်နေတာဟာ ၂ ပတ်ကာလကို ရောက်လာချိန်မှာ ဒီလို ပြောင်းလဲခေါ်ဝေါ်ကြဆိုပြီး ထအော်တာပါ။ နာမည်က အရေးကြီးလား။ ငလျင်ကို နာမည်ပြောင်းလိုက်ရင် ကယ်ဆယ်ရေးအတွက် ပိုအကျိုးရှိမလား။ နာမည်က ဘာဖြစ်ဖြစ် အတူတူပဲ မဟုတ်ဘူးလား။ တကယ်က နာမည်ပြောင်းရမှာ မဟုတ်ပါ။ စစ်ကောင်စီရဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် စေတနာကောင်းထားဖို့ ပြောင်းရမှာပါ။ ကူတာ ကယ်တာကို သေသေချာချာမလုပ်ဘဲ ငလျင်ကို နာမည်ပြောင်းဖို့သာ စဉ်းစားနေတာကိုက စစ်အာဏာရှင်တွေရဲ့ အတွေးမှာ အာဏာတည်မြဲရေး ဆိုတာကိုပဲ စဉ်းစားနေကြောင်းကို သိသာနေပြီပေါ့။ စစ်ကိုင်းငလျင် ဆိုရင် စစ် ကို ကိုင်း ညွှတ် ကျိုးပြတ်သွားစေမယ့်ငလျင်ကြီး ဆိုပြီး ဗေဒင်ဆရာက ဟောသတဲ့။ ဒါကြောင့် နာမည်ပြောင်း ယတြာချေတာတဲ့။ ကောင်းပါလေ့ဗျာ။

ငလျင် ကယ်ဆယ်ရေးလုပ်တာ ဗေဒင်ဆရာ မလိုပါလို့သာ ပြောလိုက်ချင်ပါရဲ့။ မြို့တိုင်းက ရုံးဌာနတိုင်းမှာ နေ့စဉ် ရတနသုတ် ၉ ခေါက်ရွတ်ဖို့လည်း အမိန့်ထုတ်ပြန်တယ်။

ငလျင်သင့်ပြည်သူတွက် စစ်တပ်ကျေးဇူး မူးလို့မှ ရှူစရာမရှိ

စစ်တပ်ဟာ အခု စစ်ကိုင်းငလျင်ကြီးကျမှ ပြည်သူကို စေတနာမရှိတာ မဟုတ်ပါဘူး။ ၂၀၀၈ နာဂစ် သဘာဝဘေးကြီးတုန်းကလည်း နိုင်ငံတကာအကူအညီတွေကို ပိတ်ပင်ခဲ့ပါတယ်။ အကူအညီတွေကို အလွဲသုံးခဲ့ပါတယ်။ အဲသည်တုန်းက အမေရိကန် ကယ်ဆယ်ရေး သင်္ဘောတွေက ကူညီကယ်ဆယ်ဖို့ လာစောင့်နေတာတောင် ချက်ချင်း အရေးပေါ်ကမ်းကပ်မခံခဲ့ပါ။ နောက်ပိုင်း လက်ခံတော့လည်း အမေရိကန်က လာပေးတဲ့ အလှူပုံးတွေမှာ မြန်မာစစ်ဗိုလ်ချုပ် ဘယ်သူက ဘယ်ဝါက လှူပါတယ်ဆိုပြီး စာရွက်တွေ အပေါ်ကကပ်ပြီး နာဂစ်ဒုက္ခသည်တွေကို ပေးစေခဲ့တယ်လို့ အမေရိကန် ကယ်ဆယ်ရေးဝန်ထမ်းက ပြန်ပြောပြခဲ့ပါတယ်။

နာဂစ်မှာ ညနေပိုင်း အလှူပစ္စည်းတွေ စစ်တပ်လက်ထဲကို အပ်လိုက်တာကို နောက်တနေ့မနက် အဲဒီပစ္စည်းတွေက ရန်ကုန်က ဈေးတွေထဲကို ရောက်ကုန်ကြပါတယ်။ နာဂစ် ဒုက္ခသည်တွေကို မပေးဘဲ စစ်တပ်က မှောင်ခိုထုတ် ရောင်းစားခဲ့တာပါ။

အခု စစ်ကိုင်းငလျင်မှာလည်း ဒါမျိုးတွေက မဖြစ်ဘူး မပြောနိုင်ပါ။ ခြံခုန်ခဲ့ဖူးတော့ နောက်တခါ ခြံခုန်ဦးမှာကတော့ သေချာတယ်လို့ တတိုင်းပြည်လုံးက ဝိုင်းပြောနေကြပါပြီ။ မယုံရမှာ သေချာပါတယ်။

CDM ဗိုလ်ကြီးဇင်ယော်ကလည်း သဘာဝဘေးကယ်ဆယ်ရေး ရိက္ခာတွေ၊ ပစ္စည်းတွေ၊ ဆေးဝါးတွေကို တကယ်လိုနေသူတွေကို မပေးဘဲ စစ်တပ်ရိက္ခာ လုပ်လိုက်လို့ သူကိုယ်တိုင် တပ်ထဲမှာ စားသုံးခဲ့ရဖူးကြောင်း ပြောပြခဲ့ပါတယ်။ စစ်တပ်အရာရှိကြီးတွေဆို သူတို့ တာဝန်ယူရချိန်မှာ သဘာဝဘေး မဖြစ်လို့ ညည်းတွားသတဲ့။ ငါတို့ တာဝန်ယူချိန် ရေဘေး ငလျင်ဘေး တဘေးဘေး မဖြစ်ဘူးကွာ။ ဖြစ်ရင်တော့လား အထက်ကချပေးမယ့် အလှူငွေတွေ ဘုန်းလိုက်ရရင် ထောရော ဆိုတာမျိုး ပြောသတဲ့။ ဗိုလ်ကြီးဇင်ယော်က ဟိုတနေ့ အင်တာဗျူးမှာ ပြောပြနေတာပါ။ အခု စစ်ကိုင်းငလျင်မှာကော ပြည်သူကို ကယ်ဆယ်ဖို့ထက် ငါတို့တော့ ထောပြီ ဆိုပြီး ဝမ်းသာနေကြမလား၊ ဝမ်းသာမနေကြဘူးလား ဆိုတာကတော့ စစ်ဗိုလ်ချုပ်တွေ ကိုယ်တိုင်မှပဲ သိကြမှာပါ။

လက်တွေ့ စစ်ကိုင်းငလျင် စစ်တပ်က တကယ် ကယ်တင်သလား

အခုငလျင်မှာ သူတို့ စစ်တပ်တွေနေကြတဲ့ နေပြည်တော်ထိမှ နိုင်ငံတကာကို လာပြီး ကယ်ခိုင်းကြပါတယ်။ ပြန်ကြားနေရတာတွေက နေပြည်တော်မှာပဲ အကူအညီတွေ အကုန်ယူထားပြီး စစ်ကိုင်းနဲ့ မန္တလေးဘက်တွေ၊ တခြားနေရာတွေကို မပို့ဘူး ဆိုတာပါပဲ။ ကူညီမယ့်သူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးတယ်။ ဖမ်းဆီးတယ်။ နှောင့်ယှက်တယ်။ ရိုက်နှက်တယ် ဆိုတာတွေလည်း ကြားနေရပါတယ်။ ကူညီချင်သူတွေဟာ ထောက်ခံစာ ၄ မျိုးပါမှ ကူညီခွင့်ရမယ်ဆိုပြီး သတ်မှတ်ထားပါတယ်။ ပရဟိတ ရုပ်ရှင်မင်းသမီး ခိုင်နှင်းဝေတောင် ငလျင်ကြောင့် ဒဏ်ရာရပြီး ဆေးရုံတက်နေရတဲ့ ပြည်သူတွေကို တယောက် ကျပ်သိန်း ၂၀ စီ လှူတာ တွေ့ပါတယ်။ ထိုင်းမှာလည်း ငလျင်ကြောင့် အထပ်မြင့် ဆောက်လက်စတိုက် ပြိုကျပြီး သေဆုံးသွားသူတွေကို ဘတ်ငွေ သန်းနဲ့ချီ ကူညီပေးပါတယ်။ အာဏာသိမ်း စကစ ကတော့ သေဆုံးသူ တယောက်ကို ကျပ် ၁၀ သိန်းပဲ ပေးလို့ ဝေဖန်သံတွေ ညံနေတာပါ။ တိုက်တွေကို တူး၊ မြေပြင်တွေအောက်ကို ဖောက်ပြီး စက်ယန္တရားတွေနဲ့ ခက်ခက်ခဲခဲ ကယ်ဆယ်နေကြချိန် စစ်တပ်က လူတွေကို မကယ်ဘဲ အုတ်ခဲတွေပဲ သယ်နေ၊ ကျောက်ပြားတွေပဲ ယန္တရားမပါ လက်ဗလာနဲ့ သယ်နေကြပါတယ်။ ကျောက်ခဲတွေ ကယ်နေကြတာလား။ စစ်တပ်မှာ ဖက်ထိပ် လုပ်နေကြတာလား ထင်စရာပါ။ ဟာသပါ။ ရယ်စရာပါ။ အဆိုးဆုံးကတော့ လေယာဉ် ရဟတ်ယာဉ်တွေနဲ့ ငလျင်မကယ်ဘဲ လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ ပြည်သူ့အိမ်ရာ မြို့၊ ရွာတွေကို ထိုးစစ်ဆင် အကြမ်းဖက် ဗုံးကြဲပစ်ခတ်နေတာပါ။ ငလျင်အတွက် အသက်မကယ်ရုံမက ပြည်သူတွေကို ငလျင်ဘေးသင့်နေတဲ့ကြားကပဲ သတ်နေသေးပါတယ်။

ငလျင်မှာ ပြည်ပမီဒီယာတွေ ဝင်ခွင့်မပေး

သတင်းထောက်တွေရှိမှ သတင်းတွေဟာ ကမ္ဘာအနှံ့ ရောက်မှာပါ။ အစိုးရတွေဟာ သူတို့အစိုးရတွေရဲ့ လုပ်ဆောင်ချက်တွေကို အားလုံးသိစေဖို့ သတင်းမီဒီယာ နယ်ပယ်စုံကို ဖိတ်ပြီး သတင်းယူစေတာ လုပ်ရိုးလုပ်စဉ်တခုပေါ့။ အထူးသဖြင့် အရေးကြီးတဲ့ ရေဘေး၊ ငလျင်ဘေးတွေ ဖြစ်ပွားချိန်မှာ အခြေအနေမှန်တွေ သိကြရအောင် သတင်းထောက်တွေကို အားကိုးကြတယ်။ စစ်ကောင်စီကျတော့မှပဲ နိုင်ငံတကာ သတင်းထောက်တွေကို ဝင်ခွင့်ပိတ်လိုက်တယ်။ ဟိုတယ်တွေ၊ လျှပ်စစ်မီးနဲ့ သုံးရေတွေ ပြတ်နေလို့ မီဒီယာကို အဝင်မခံတာတဲ့။ ပြည်ပမီဒီယာတွေ မဝင်ရသလို ပြည်တွင်းမီဒီယာကိုလည်း ဖမ်း သတ် နှိပ်စက်ထားပြီးဖြစ်တော့ ငလျင်သတင်းမှန်တွေ မရတော့ဘူးပေါ့။ သတင်းအချက်အလက်တွေ မရမှတော့ ငလျင်ကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေးတွေ အတွက်လည်း အားနည်းပြီပေါ့။ ရလာသမျှ အကူအညီတွေကိုလည်း စစ်အာဏာပိုင်တွေ လက်ထဲမှာ ပြုသမျှ နုရပြီပေါ့။ ငလျင်သင့်ခံ ပြည်သူတွေကတော့ မသေသင့်ဘဲ သေကြရ အကူအညီတွေ မရဘဲ ဖြစ်ကုန်ကြပြီပေါ့။ ဆက်သွယ်ရေးတွေ ခက်ခဲနေဆဲ၊ အင်တာနက်တွေလည်း ပြတ်ဆဲ၊ ဖုန်းလိုင်းတွေလည်း ခက်ဆဲပေါ့။ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ကတော့ ငလျင်ဒဏ်သင့် ဒေသတွေမှာ သတင်းရယူနိုင်ဖို့ နိုင်ငံတကာက သတင်းထောက်တွေကို ဗီဇာအလွယ်တကူထုတ်ပေးဖို့၊ ကန့်သတ်တာတွေ မလုပ်ဖို့ ဧပြီ ၁ ရက်မှာ သဘောထား ထုတ်ပြန်ထားပါတယ်။

ငလျင် ကူညီကယ်ဆယ်လိုသူများရဲ့ ဒုက္ခ

ပြည်တွင်း ပြည်ပက ငလျင်ကယ်ဆယ်ရေးအဖွဲ့တွေကို လွတ်လပ်စွာ သွားလာကူညီခွင့်ရအောင် စီစဉ်ပေးမှ လုပ်ငန်းတွေ ထိရောက်မှာပါ။ ဒါပေမဲ့ စစ်ကောင်စီကတော့ လွတ်လပ်ခွင့် မပေးပါဘူး။ ရန်ကုန်ကနေ မန္တလေးမှာ သွားကူတဲ့ ပရဟိတ လူငယ်တဦးကို နန်းတွင်းတပ် စစ်သားက ပါးရိုက်ပါတယ်။ ည ၁၀ နာရီကျော် အပြင်ထွက်လို့တဲ့။ ငလျင်ကူညီနေသူတွေဟာ နေ့နေ့ညည သွားလာ အလုပ်လုပ်ကြရသူတွေလေ။ ဒါကြောင့် လူငယ်တွေ စိုးရိမ်ပြီး ငလျင်ကူဖို့ မသွားရဲကြတော့ဘူး။ ပါးရိုက်ခံရတဲ့ လူငယ်ကိုယ်တိုင်လည်း ရန်ကုန်ကို ပြန်ပြေးသွားရတယ်။ ဒါတင်ပဲလား။ မဟုတ်သေးပါဘူး။ သူ့ထက်ဆိုးတာတွေလည်း ရှိပါသေးတယ်။ ငလျင်ကူညီနေသူ လူငယ်တွေကို မန္တလေး၊ စစ်ကိုင်း၊ ပျော်ဘွယ်နဲ့ တခြားမြို့တွေမှာ ပေါ်တာဆွဲနေပါတယ်။ စစ်မှုထမ်းခိုင်းပါတယ်။ ဒါကြောင့် လူငယ်တွေ ပုန်းရှောင်နေကြရပြီး ငလျင် မကယ်နိုင်တော့ပါဘူး။ ငလျင်ကယ်ဆယ်ရေး အလှူငွေ ရှာဖွေသူတွေဟာ ထောက်ခံစာ ၄ မျိုး ပါရမယ်ဆိုတာကြောင့် လှူငွေ မရတော့ ပရဟိတအဖွဲ့တွေ ကူညီရေး မလုပ်နိုင်ကြတာလည်း ရှိပါတယ်။ အလှူငွေနဲ့မှ အလုပ်တွေ ဆက်လုပ်လို့ ရမှာလေ။ ရပ်ကွက်၊ စည်ပင်၊ ထွေအုပ်နဲ့ ရဲစခန်းထောက်ခံစာ ၄ မျိုးယူမှ အလှူခံရမယ်ဆိုတော့ အများကြီး အခက်တွေ့ကြရပါတယ်။ နောက်ပြီး ငလျင်ကယ်ဆယ်ရေး တရုတ်ကြက်ခြေနီ ယာဉ်တန်းကို စစ်တပ်က ပစ်ခတ်တာလည်း ရှိပါသေးတယ်။ စင်ကာပူက ငလျင်ကယ်ဆယ်ရေး အဖွဲ့နဲ့လည်း ပြဿနာဖြစ်သေးသတဲ့။ ရေးပြရလျှင်တော့ စစ်တပ်ဆိုးပုံ ကုန်မည်မထင်။

ကယ်ဖို့ မတတ်၊ သတ်ဖို့ တတ်ကြ မြန်မာ့တပ်မတော် ကမ္ဘာကျော်ပြီ

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်အပြီး အာဏာသိမ်း စစ်ကောင်စီ ဆိုတာ ဘယ်လိုအဖွဲ့အစည်းမျိုးလဲ ဆိုတာကို ထင်ရှားစေတဲ့ စကားတခွန်း မြန်မာပြည်ကို ကျော်လို့ တကမ္ဘာလုံး ပြန့်သွားပါတော့တယ်။ အဲ့သည်စကားကတော့ “ကယ်ဖို့ မသင်၊ သတ်ဖို့ သင်ထား၊ ကယ်ဖို့ မတတ် သတ်ဖို့သာ တတ်သော တပ်မတော်” ဆိုတာပါပဲ။ အခုပဲကြည့်လေ ငလျင်ကြောင့် သေသူ ၄,၀၀၀ ကျော်ပြီ။ ဒဏ်ရာရသူကလည်း ၈,၀၀၀ နီးပြီ။ ဒါတောင်မှ ဗုံးကြဲနေဆဲ၊ လေကြောင်း စစ်ဆင်နေတုန်းပါ။ စစ်ကိုင်းငလျင်ကြီး စလှုပ်တဲ့ မတ်လ ၂၈ နေ့ကနေ ဧပြီလ ၉ ရက်နေ့အထိ မြန်မာပြည်အနှံ့ လေကြောင်းတိုက်ခိုက်မှု ၁၃၈ ကြိမ် လုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၇၃ ဦး သေဆုံးခဲ့ရပါတယ်။ 

ဒါကြောင့် ဟံဟာဝတီ ဦးဝင်းတင် ပြောခဲ့တဲ့ “စစ်တပ်ကျေးဇူး မူးလို့တောင် ရှူစရာ မရှိ” ဆိုသလိုပဲ စစ်ကိုင်း ငလျင်ကယ်ဆယ်ရေးမှာလည်း စစ်တပ်ရဲ့ကျေးဇူး ရှာမရပါ။ ဪ… လူတွေ သေနေကြတယ်။ ငါတို့ ပြည်သူ့တပ်မတော်က စစ်တိုက်တာ ခဏနားဦးမှပါ။ ကယ်ဆယ်ရေးတွေ အင်တိုက်အားတိုက် လုပ်ကြမယ်လို့ (အုတ်ချပ်တွေ ဒီက ဟို သယ်ပြီးတော့ပုံ။ ဟိုက ဒီကို သယ်ပြီးတော့ပုံ ဟန်ပြလုပ်တာကလွဲလို့) တစက်ကလေးမှ စဉ်းစားပုံမရပါ။ အာဏာသိမ်း စစ်တပ်ဟာ နာမည်ကျော်သွားပါပြီ။ ဒါပေမဲ့ စစ်အာဏာရှင်တို့ရဲ့ ဖခင်ကြီး ဦးနေဝင်း ‘နာမည်ကျော်’ ဆိုတဲ့ ဆောင်းပါးရေးစဉ်က-

ဗိုလ်ချုပ်နေဝင်း၊ ဦးနေဝင်းတဲ့

နေဝင်းမည်ခေါ်၊ နာမည်ကျော်ကား

အကျော်နှစ်မျိုး၊ ကောင်းအဆိုးတွင်

အဆိုးဖြင့်သာ ကျော်ပါလေ၏ လို့ ကျနော် ရေးခဲ့သလိုပါပဲ။

စစ်ကောင်စီခေါ်၊ နာမည်ကျော်များ

အကျော်နှစ်မျိုး၊ ကောင်း အဆိုးတွင်

အဆိုးဖြင့်သာ၊ ကျော်နေပါပြီ

ကယ်တာမလုပ်၊ သတ်တာလုပ်ဆဲ

မိုးထဲရေထဲ၊ ငလျင်ထဲတွင်

မိုက်မဲလွန်းလှသူများပါတကား လို့သာ ဆိုလိုက်ရပါတော့တယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024