
၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလမှာ ကျင်းပဖို့ ရှိနေတယ်လို့ အာဏာသိမ်း စစ်ကောင်စီက ဧပြီ ၈ ရက်မှာ တရားဝင်ထုတ်ပြန် ကြေညာပါတယ်။
ဒါကြောင့် နိုင်ငံရေးပါတီတည်ထောင်တာ၊ မှတ်ပုံတင်တာ၊ ပါတီတွေ ပူးပေါင်းတာတွေကို ရွေးကောက်ပွဲအမီ ဆောင်ရွက်နိုင်ဖို့ ပါတီတည်ထောင်ခွင့်ကို မေလ ၉ ရက် နောက်ဆုံးထားပြီး လျှောက်ထားကြဖို့ စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
နိုင်ငံရေးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေ၊ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် အချိန်လုံလောက်စေဖို့ ဒီလို သတ်မှတ်ရတာလို့လည်း ပြောထားပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ် ထိခိုက်မှုရှိတဲ့ကြားကနေ အခုလို အချိန်မရွှေ့ဆိုင်းဘဲ ကြေညာချက် ထုတ်လာတာပါ။
DVB ရဲ့ အချက်အလက်တွေအရတော့ ငလျင်ကြောင့် ဧပြီ ၈ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီအထိ သေဆုံးသူ စုစုပေါင်း ၄,၃၄၅ ယောက် ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၇,၈၃၀၊ ပျောက်ဆုံးနေသူ ၂၁၀ နဲ့ ကယ်ဆယ်ရရှိသူ ၆၅၃ ယောက်အထိ ရှိနေပါတယ်။
အဲဒီ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် စစ်ကောင်စီထိန်းချုပ်ရာ မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာ ထိခိုက်မှု ကြီးမားခဲ့ပြီး ငလျင်ကြောင့် သေဆုံးသူတွေကို တယောက် ကျပ် ၁၀ သိန်း ပေးမယ်လို့ ပြောထားပေမဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာ ခုချိန်ထိ မတွေ့ရသေးပါဘူး။