
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ၇ မိုင်တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) မဟာမိတ်ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်ပြင်းထန်နေပြီး မိုးကုတ်ဗျူဟာက ရဲဘော် ၁၅ ယောက် ကျဆုံးပြီး မိုးကုတ်မြို့နယ် ပကဖကရဲဘော် ၂ ယောက် ကျဆုံးထားတယ်လို့ သိရပါတယ်။
အပစ်အခတ်ရပ်စဲထားတယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီတပ်က ဧပြီ ၃ ရက်ကစပြီး ထိုးစစ်ဆင်လာတာကြောင့် ၇ မိုင်မှာတိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ဧပြီ ၃ ရက်မှာ လေကြောင်းကနေ စတင်တိုက်ခိုက်ခဲ့ပြီး ညနေဘက်မှာ အင်အား ၁၀၀ ဝန်းကျင်နဲ့ မြေပြင်စစ်ကြောင်းထိုးခဲ့တာလို့ မိုးကုတ်မြို့နယ်ပကဖရဲ့ တာဝန်ခံ တယောက်က ပြောပါတယ်။
"ခုလက်ရှိမှာ ကျနော်တို့ဘက်က တိုက်ပွဲဖော်ဆောင်တာမျိုး မရှိပါဘူး။ ကျနော်တို့ မဟာမိတ် TNLA နဲ့ မိုးကုတ်ဗျူဟာ MDY PDF တို့ အနေနဲ့ကတော့ ထိန်းသိမ်းထားတဲ့ နေရာတွေမှာ တန့်ထားတယ်ပေါ့နော်၊ ရှေ့ဆက်တိုးတာမျိုး မလုပ်ဘဲနဲ့။ ကျနော်တို့ဘက်က NUG ကနေ ထိုးစစ်ဆင်တာတွေ ရပ်တန့်ထားတဲ့ကာလ ဖြစ်လို့ ကျနော်တို့ဘက်က ထိုးစစ်ဆင်တာမျိုးတော့ မရှိသေးပါဘူး။”
စစ်ကောင်စီတပ်က TNLA နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ထိန်းသိမ်းထားတဲ့နေရာကို မြေပြင် စစ်ကြောင်းထိုးလာလို့ TNLA နဲ့ပူးပေါင်းတပ်တွေ ခုခံနေရတဲ့အခြေနေ ဖြစ်တယ်လို့ သိရပါတယ်။