
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အကြီးအကဲ တော်မ် ဖလတ်ချာက ငလျင်ဘေးသင့် မြန်မာနိုင်ငံကို လာရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံကာ အကူအညီတချို့ ပေးအပ်ခဲ့ပါတယ်။
စနေနေ့က မန္တလေးကို ရောက်လာခဲ့တဲ့ တော်မ် ဖလတ်ချာဟာ “စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ လျှပ်စစ်မီး ပြန်ရဖို့အပြင် နေစရာနေရာတွေပါ လိုအပ်နေတဲ့အကြောင်း ပြောပြကြတယ်” လို့ မှတ်ချက်ပေးပါတယ်။
နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုတွေလည်း ဆက်ရှိနေတဲ့အလျောက် လူတွေဟာ “အဲဒီစိတ်ဒဏ်ရာနဲ့ နေထိုင်နေရတယ်” လို့ ဖြည့်စွက်ပြောပါတယ်။
မတ် ၂၈ ရက် ငလျင်လှုပ်ခတ်မှုနောက်ပိုင်း စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု ၆၃ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အတည်ပြုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ကလေးတယောက်နဲ့ အမျိုးသမီး ၁၅ ယောက် အပါအဝင် အရပ်သား ၆၈ ယောက် သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။
အဲဒီနောက် ညီနောင်မဟာမိတ်သုံးဖွဲ့ အပါအဝင် KIA၊ KNU နဲ့ PDF တော်လှန်ရေးတပ်ဖွဲ့တွေဟာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်မှုရှိတယ်ဆိုပြီး စစ်ကောင်စီဘက်က တန်ပြန် စွပ်စွဲထားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ “တပ်မတော်ရဲ့ စခန်းတွေကို အကြောင်းမဲ့ တိုက်ခိုက်ရင် လက်တုံ့ပြန်မှာဖြစ်တယ်” လို့ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။
လာမယ့်အပတ်အတွင်း မြန်မာနိုင်ငံအနှံ့အပြား နေရာကွက်ကျား မိုးရွာသွန်းတာ၊ မိုးသီးကြွေတာ၊ လေပြင်းတိုက်ခတ်တာနဲ့ မြေပြိုတာမျိုးအထိ ဖြစ်ပွားနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါ တယ်။
နေ့အပူချိန်ကလည်း ၃၈ ဒီဂရီဆဲလ်စီးယပ်စ်ကို ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားတဲ့အလျောက် ငလျင်ဒဏ်သင့် ပြည်သူတွေရဲ့ အခြေအနေဟာ ဒီထက်ပိုပြီး ခက်ခဲလာနိုင်ပါတယ်။
အဲဒီငလျင်ကြောင့် အဆောက်အအုံ ၅,၂၂၃ လုံး၊ စာသင်ကျောင်း ၁,၈၂၄ ကျောင်း၊ ဘုန်းကြီးကျောင်း ၂,၇၅၂ ကျောင်း၊ ဘုရားစေတီ ၄,၈၁၇ ဆူ၊ ဆေးရုံဆေးခန်း ၁၆၇ ခု၊ တံတား ၁၆၉ စင်း၊ ဆည်မြောင်း ၁၉၈ ခုနဲ့ အဓိကကျတဲ့ အဝေးပြေးလမ်းမကြီးတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
Source : Reuters