
ပေကျင်းဟာ အမေရိကန်အပေါ် လက်တုံ့ပြန် စည်းကြပ်ခွန်တွေ မရုပ်သိမ်းဘူးဆိုရင် တရုတ်နိုင်ငံအပေါ် ထပ်လောင်းအကောက်ခွန် ၅၀ ရာခိုင်နှုန်း တိုးကောက်မယ့်အပြင် တရုတ်က တောင်းဆိုထားတဲ့ အမေရိကန်နဲ့ အစည်းအဝေးတွေ အားလုံးကိုလည်း ဖျက်သိမ်းသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဧပြီ ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
“တရုတ်က သူတို့ရဲ့ စံချိန်တင် အကောက်ခွန်တွေ၊ ငွေကြေးမဟုတ်တဲ့ အခွန်စည်းကြပ်မှုတွေ၊ ကုမ္ပဏီတွေကို တရားမဝင် ထောက်ပံ့မှုတွေ၊ ကြီးမားတဲ့ ရေရှည်ငွေကြေး ခြယ်လှယ်မှုတွေအပြင် လက်တုံ့ပြန်စည်းကြပ်ခွန် ၃၄ ရာခိုင်နှုန်း ကောက်မယ်လို့ ထုတ်ပြန်ထားတဲ့ ကာလရှည် ကုန်သွယ်မှုတွေကို ၂၀၂၅ ခုနှစ် ဧပြီလ ၈ ရက်မှာ မရုပ်သိမ်းဘူးဆိုရင် အမေရိကန်ဟာ တရုတ်အပေါ် ထပ်လောင်းအကောက်ခွန် ၅၀ ရာခိုင်နှုန်းကို ဧပြီလ ၉ ရက်နေ့မှာ စတင်စည်းကြပ်သွားမယ်” လို့ သမ္မတ ထရမ့်ပ်က သူ့ရဲ့ Truth ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ထားတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ အစည်းအဝေးတွေ လုပ်ပေးဖို့ တောင်းဆိုထားတဲ့ တခြားနိုင်ငံတွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကိုလည်း ချက်ချင်းစတင်တော့မှာ ဖြစ်ကြောင်းလည်း ထရမ့်ပ်က ပို့စ်မှာ ရေးသားထားပါတယ်။
အစောပိုင်းက Truth ဆိုရှယ်မီဒီယာပို့စ်မှာတော့ ထရမ့်ပ်က ဗဟိုဘဏ်ဟာ နှုန်းထားတွေကို လျှော့ချသင့်ကြောင်း ပြောထားပြီး ဆီဈေး၊ အတိုးနဲ့ စားနပ်ရိက္ခာဈေးတွေ ကျသွားတယ်လို့ ဆိုထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ တရုတ်နိုင်ငံကလွဲပြီး ကျန်နိုင်ငံအားလုံးအတွက် အခွန်စည်းကြပ်မှုကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ဖို့ စဉ်းစားနေတယ်ဆိုတဲ့ အစီရင်ခံစာကို အိမ်ဖြူတော်က ငြင်းဆိုခဲ့တာကြောင့် အဓိက စတော့အညွှန်းကိန်းတွေ ကျဆင်းခဲ့ပါတယ်။ အမေရိကန် ဒေါ်လာကတော့ တန်ဖိုးပိုမြင့်လာပါတယ်။
Source : Reuters