ငလျင်မလှုပ်ခတ်မီ မတ် ၂၇ ရက် မတိုင်ခင်က ဆောက်လုပ်နေတဲ့ ရန်ကုန်မြို့တော်ခန်းမ သင်္ကြန်မဏ္ဍပ်ကို ပြန်ဖျက်သိမ်းနေတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
ငလျင်လှုပ်ခတ်ပြီး ဧပြီ ၅ ရက်အထိ မဏ္ဍပ်က ဆက်လက်ဆောက်လုပ်နေဆဲဖြစ်လို့ ဝေဖန်ခံနေရတာဖြစ်ပြီး ဧပြီ ၆ ရက် ညနေပိုင်းမှာတော့ ပြန်ဖျက်သိမ်းနေတယ်လို့ ရန်ကုန်မြို့ခံတယောက်က ပြောပါတယ်။
“ဟုတ်တယ်၊ မနေ့က ညပိုင်း အလုပ်ပြန်တဲ့ အချိန်ကတည်းက ပြန်ဖျက်နေတာ တွေ့တယ်။ အခုမနက်ဆို အမိုးတွေတောင် မရှိတော့ဘူး။ အရင်ရက်တွေက ဆောက်နေတာ တွေ့တော့ ဝေဖန်ကြတာ။ သူက အခု ပြန်ဖျက်တယ်ဆိုတော့ မင်းအောင်လှိုင် ပြောသလို ယဉ်ကျေးမှုနဲ့အညီ အတီးအမှုတ် အကအခုန် မပါဘဲ ကျင်းပရမယ်ပေါ့။”
ငလျင်ကြောင့် တနိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရတဲ့ကာလ ဖြစ်တဲ့အတွက် အခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို အပျော်အပါး သီဆိုကခုန်မှုတွေ မပါဝင်ဘဲ ရိုးရာယဥ်ကျေးမှုနဲ့အညီ အေးချမ်းသာယာတဲ့ သင်္ကြန်အဖြစ်ပဲ ကျင်းပသွားမယ်လို့ စစ်ကောင်စီက ဧပြီ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ငလျင်လှုပ်ခတ်ပြီး ၁၀ ရက်အကြာ ဧပြီ ၇ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီအထိ စုစုပေါင်း သေဆုံးသူ ၄,၃၂၅ ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ ၆,၅၈၈ ယောက်၊ ပျောက်ဆုံးနေသူ ၄၄၈ ယောက်နဲ့ ကယ်ဆယ်ရရှိသူ ၄၉၈ ယောက်ရှိကြောင်း DVB Data Team က ကောက်ယူစုဆောင်းထားတဲ့ စာရင်းတွေအရ သိရပါတယ်။