Home
နိုင်ငံတကာ
ထိုင်းနိုင်ငံ ဘန်ကောက် အပါအဝင် ၄၇ ခရိုင်တွင် မိုးသက်လေပြင်း သတိပေး  
DVB
·
April 7, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက် အပါအဝင် ၄၇ ခရိုင်မှာ ဧပြီ ၇ ရက်မှ ၈ ရက်အတွင်း အပူပိုင်းမုန်တိုင်း ဝင်ပြီး မိုးထစ်ချုန်းရွာ၊ လေပြင်းတိုက်၊ မိုးသီးကြွေတာတွေ ဖြစ်ပေါ်နိုင်တယ်လို့  ထိုင်းနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနက ဒီမနက် ၆ နာရီမှာ ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံက လေဖိအားနည်းရပ်ဝန်း ဒါမှမဟုတ် အသင့်အတင့်အေးတဲ့ လေထုဟာ ထိုင်းနိုင်ငံ အထက်ပိုင်းကို ဝင်ရောက်လာမယ်၊ ထိုင်းက ပူပြင်းတဲ့ ရာသီဥတုနဲ့ ထိတွေ့ပြီး နွေရာသီမုန်တိုင်း ဖြစ်ပေါ်စေတယ်၊ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေပြင်းဟာလည်း ထိုင်းနိုင်ငံ အထက်ပိုင်းနဲ့ အရှေ့တောင်ဘက်မှာ အားကောင်းကောင်းနဲ့ တိုက်ခတ်လာမယ်လို့ ခန့်မှန်းထားပါတယ်။

ထိုင်းပင်လယ်ကွေ့နဲ့ ကပ္ပလီပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိပြီး အမြင့် ၁ မီတာထိ တက်နိုင်မယ်၊ မုန်တိုင်းဝင်တဲ့နေရာတွေမှာ ၂ မီတာထိ မြင့်နိုင်တယ်၊ ဒါကြောင့် လှေတွေ ကမ်းကမခွာသင့်ဘူးလို့ သတိပေးထားပါတယ်။

ဒီမနက် ၆ နာရီမှ မနက်ဖြန် မနက် ၆ နာရီအတွင်း မိုးသေဝသနဲ့ အပူချိန် ခန့်မှန်းချက်မှာ ထိုင်းမြောက်ပိုင်းမှာ ဒေသရဲ့ ၄၀ ရာခိုင်နှုန်း မိုးသက်လေပြင်း ကျနိုင်ဖွယ်ရှိတယ်၊ တချို့နေရာတွေမှာ မိုးသီးကြွေမယ်၊ အထူးသဖြင့် ချင်းရိုင်း၊ ဖယောင်း၊ လမ်းပန်း၊ နန့်၊ ဖရဲ့၊ ဥဒရာဒစ်၊ တာ့ခ်၊ ဗိစနုလုတ်နဲ့ ဖစ်ချ်ဘွန်းခရိုင်တွေ ဖြစ်တယ်၊ ပျမ်းမျှအပူအချိန် ၂၂ မှ ၃၉ ဒီဂရီစင်တီဂရိတ်၊ လေတိုက်နှုန်း ၁ နာရီ ၅ မှ ၁၅ ကီလိုမီတာထိ ရှိပါမယ်။

ထိုင်းအရှေ့မြောက်ပိုင်းမှာ ဒေသရဲ့ ၆၀ ရာခိုင်နှုန်း မိုးသက်လေပြင်း ကျနိုင်ဖွယ်ရှိတယ်၊ တချို့နေရာတွေမှာ မိုးသီးကြွေမယ်၊ အထူးသဖြင့် လွေး၊ ဥဒွန်းဌာနီ၊ ချိုင်းယဖုမ်း၊ ခွန်ကဲန်၊ မဟာဆရခမ်း၊ လွဲ့အစ်၊ နခွန်းရာ့ချ်ဆီမား၊ ဘူရီရမ်၊ စူရင်း၊ ဆီစကစ် စတဲ့ခရိုင်တွေ ဖြစ်တယ်။ ပျမ်းမျှအပူအချိန် ၂၂ မှ ၃၇ ဒီဂရီစင်တီဂရိတ်၊ လေတိုက်နှုန်း ၁ နာရီ ၁၀ မှ ၂၀ ကီလိုမီတာထိ ရှိပါမယ်။

ထိုင်းအလယ်ပိုင်းမှာ ဒေသရဲ့ ၄၀ ရာခိုင်နှုန်း မိုးသက်လေပြင်း ကျနိုင်ဖွယ်ရှိတယ်၊ အထူးသဖြင့် ဥထိုင်းဌာနီ၊ ချိုင်းယနတ်၊ အန်ထောင်း၊ ဆင်းပူးရီး၊ အယုဒ္ဓယ၊ လုပ်ပူရီ၊ ဆုဖန်းပူရီ၊ ကန်ကျနပူရီ စတဲ့ခရိုင်တွေ ဖြစ်တယ်။ ပျမ်းမျှအပူအချိန် ၂၄ မှ ၄၀ ဒီဂရီစင်တီဂရိတ်၊ လေတိုက်နှုန်း ၁ နာရီ ၁၀ မှ ၂၀ ကီလိုမီတာထိ ရှိပါမယ်။

ထိုင်းအရှေ့ပိုင်းမှာ ဒေသရဲ့ ၄၀ ရာခိုင်နှုန်း မိုးရွာနိုင်ဖွယ်ရှိတယ်၊ တချို့နေရာ လေပြင်းတိုက်မယ်၊  အထူးသဖြင့် နခွန်းနာယုဒ်၊ ပရာကျင်းပူရီ၊ ဆလာကယောက်၊ ချချိန်းဆောင်း၊ ချွန်းပူးရီး၊ ကျန်ထပူရီနဲ့ တရာတ် စတဲ့ခရိုင်တွေ ဖြစ်တယ်။ ပျမ်းမျှအပူအချိန် ၂၄  မှ ၃၇ ဒီဂရီစင်တီဂရိတ်၊ လေတိုက်နှုန်း ၁ နာရီ ၁၅ မှ ၃၀ ကီလိုမီတာထိရှိမယ်၊ ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ မီတာမှ ၂ မီတာထိ မြင့်တက်ပါမယ်။

ထိုင်းတောင်ပိုင်းဒေသရဲ့ ၂၀ ရာခိုင်နှုန်း မိုးရွာဖွယ်ရှိတယ်။ အထူးသဖြင့် ဖစ်ချ်ဘူရီ၊ ပရကျုပ်ခီရီခန်၊ နာရာသီဝပ်၊ ဖူးကက်၊ ကရပီ၊ တရန်း၊ ဆဒွန်း စတဲ့ခရိုင်တွေ ဖြစ်တယ်။ ပျမ်းမျှအပူအချိန် ၂၃ မှ ၃၆ ဒီဂရီစင်တီဂရိတ်၊ လေတိုက်နှုန်း ၁ နာရီ ၁၅ မှ ၃၀ ကီလိုမီတာထိ ရှိပါမယ်။ ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ မီတာမှ ၂ မီတာထိ မြင့်တက်ပါမယ်။

ဘန်ကောက်နဲ့ အနီးတဝိုက်ဒေသမှာ ရာသီဥတု ပူပြင်းမယ်၊ ဒေသရဲ့ ၃၀ ရာခိုင်နှုန်း လေပြင်းတိုက်ခတ်နိုင်တယ်၊ ပျမ်းမျှအပူချိန်မှာ ၂၆ မှ ၃၇ ဒီဂရီစင်တီဂရိတ်ထိ ရှိပြီး လေတိုက်နှုန်း ၁ နာရီ ၁၀ မှ ၂၀ ကီလိုမီတာထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဟန်ဒုံးနဲ့ မဲ့လိမ်းမြို့နယ်တွေမှာတော့ ဧပြီ ၆ ရက် ညနေပိုင်းက မိုးသက်လေပြင်းကျပြီး သစ်ပင်ကြီးတွေ လဲပြိုတာ၊ လူကူးတံတား ကျိုးကျတာတွေ ရှိခဲ့ပါတယ်။

Source : TNN Earth / Sanook

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024