မြန်မာနိုင်ငံက ငလျင်ဒဏ်သင့် ပြည်သူတွေကို ကူညီသွားမယ့် ပန့်ခ်၊ မက်တယ် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီ ၄ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဒီဖျော်ဖြေပွဲမှာတော့ မြန်မာ၊ ထိုင်းနဲ့ ဂျပန်က ပန့်ခ်နဲ့ မက်တယ်ဂီတအဖွဲ့တွေ ဖြစ်ကြတဲ့ Vanilla Girl, Smell Corpses, Puppets, Two Thousand နဲ့ Grapefruit တို့က ဖျော်ဖြေခဲ့ကြပါတယ်။
ဒီရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို စီစဉ်သူတယောက်ဖြစ်တဲ့ ဂျပန်လူမျိုး ဟီဒဲခိ တာကာဆာခီ ကတော့ “ငလျင်ကြောင့် ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေကို ကူညီနိုင်ဖို့ စဉ်းစားတဲ့အခါ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတခု လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ချင်းမိုင်မှာရှိတဲ့ ကျနော့်သူငယ်ချင်းတချို့ကလည်း ဒီပွဲအတွက် အားဖြည့်ပြီး ကူညီပေးခဲ့ကြပါတယ်။ ကျနော်က ၂၀၁၁ ကစလို့ အာဏာသိမ်းချိန်ထိ မြန်မာက ပန့်ခ်တွေနဲ့ အဆက်အသွယ် ရှိခဲ့ပါတယ်။ ကျနော်က သူတို့ရဲ့ ပုန်ကန်တဲ့ ဂီတတွေကို အမြဲတမ်း အားပေးပြီး ထုတ်လုပ် ဖြန့်ချိပေးတာတွေလည်း လုပ်ပါတယ်။ ကျနော် သူတို့နဲ့ အဆက်အသွယ် ရှိတာကြောင့် ကျနော် မြန်မာလူမျိုးတွေကို အမြဲတမ်း ကူညီသွားမှာလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီဖျော်ဖြေပွဲက ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ အခြေစိုက်တဲ့ Food Not Bombs Mae Sot ကို လှူဒါန်းသွားမှာလည်း ဖြစ်ပါတယ်။