
နေပြည်တော်ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် စင်ကာပူကယ်ဆယ်ရေးအဖွဲ့ကနေ ယာယီဆေးခန်း ဖွင့်လှစ်ပြီး အခမဲ့ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။
နေပြည်တော်၊ ပျဥ်းမနား၊ လယ်ဝေးမြို့နယ်တွေက ငလျင်ဒဏ်သင့်ပြည်သူတွကို စင်ကာပူနိုင်ငံ (Singapore Civil Defence Force OPS LIONHEART TEAM) ကယ်ဆယ်ရေးအဖွဲ့က ထိခိုက်ဒဏ်ရာရသူတွေ၊ ဒဏ်ရာ cleaning လုပ်ချင်သူတွေနဲ့ ငလျင်ကြောင့် ဆက်စပ်ဖြစ်ပေါ်တဲ့ ရောဂါတွေ၊ ဖျားနာ၊ ဝမ်းပျက်၊ ဝမ်းလျှော၊ ခေါင်းကိုက်၊ ဗိုက်နာ၊ ဗိုက်အောင့် ဝေဒနာသည်တွေကို ဧပြီ ၅ ရက်နဲ့ ၆ ရက်တို့မှာ နေပြည်တော်ရှိ Sky Palace ဟိုတယ်မှာ အခမဲ့ ဆေးကုသပေးနေတာပါ။
ဒီလိုကုသပေးနေရာမှာ နာတာရှည်ရောဂါသည်တွေမှအပ ဘယ်သူမဆို လာရောက်ကုသနိုင်တယ် လို့လည်း သိရပါတယ်။
မတ် ၂၈ ရက်က လှုပ်ခဲ့တဲ့ အင်အားကြီးငလျင်ကြောင့် နေပြည်တော်ဒေသတွင်းမှာ စုစုပေါင်း ၆၁၅ ယောက် သေဆုံး၊ ၈၄၃ ယောက် ထိခိုက်ဒဏ်ရာရကာ ပျောက်ဆုံးနေသူ ၁၃ ယောက် ရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။