
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဧပြီ ၄ ရက် ည ၈ နာရီကစပြီး ဧပြီ ၅ ရက် နေ့ခင်း ၂ နာရီကျော်အထိ မြေပြင်စစ်ကြောင်းထိုးပြီး လက်နက်ကြီးပစ်ကူ အပါအဝင် လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြေပြင်စစ်ကြောင်းထိုးတဲ့ စစ်သားတွေဟာ သရက်ကိုင်းရွာ၊ မြကန်သာကျေးရွာဘက်က စစ်သားတွေနဲ့ ပြည်သူ့စစ် အပါအဝင် ပျူစောထီးတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံ အမျိုးသားတယောက်က “မနေ့က ည ၈ နာရီခွဲလောက်က မတ္တရာအရှေ့တောင်ခြမ်း ထန်းပင်ကုန်း၊ ကုန်းသာရွာဘက်ကို သရက်ကိုင်း အထိုင်စခန်းကနေ တဖက်သတ် စစ်ကြောင်းထိုးပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်ဝင်ရောက်လာတာ ရှိခဲ့တယ်ဗျ။ အဲလို စစ်ကြောင်းထိုးနေချိန်မှာလည်း ဝေဟင်ကနေ Y12 တစီးနဲ့ ၃ ပတ် ကင်းပတ်ခဲ့တယ်။ ဗုံးသီးတော့ ကြဲချမသွားဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ဧပြီ ၅ ရက် မနက် ၁၀ နာရီမှာလည်း မတ္တရာမြို့နယ်၊ မြောင်းသစ်ရွာအနီးဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံရွာသား နောက်ထပ်တယောက်က “ကျနော်တို့ ပြည်သူအများစု နေထိုင်ကြတဲ့ ကျေးရွာတွေဆီကို မတ္တရာမြို့ပေါ် ကနေ လက်နက်ကြီး ၃လုံးနဲ့ ပစ်ခတ်သွားတယ်ဗျ။ အဲလိုပစ်ခတ်လို့ အနောက်မြောင်းသစ်ရွာဘက်ကို ၂ လုံး ကျရောက်ပေါက်ကွဲတယ်။ ကျန်တဲ့တလုံးကတော့ တောင်ကန်ရွာဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်ဗျ။ အဲလိုကွဲလို့ ပဲခင်းအတွင်းမှာ ပဲကောက်နေတဲ့ ၁၂ နှစ်အရွယ်၊ မိန်းကလေးငယ်တဦး ခြေထောက်အရိုးပေါ်တဲ့အထိ ထိမှန်ဒဏ်ရာရခဲ့ရပါတယ်ဗျ” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ဧပြီ ၅ ရက် နေ့ခင်း ၂ နာရီခွဲကလည်း ဂျက်တိုက်လေယာဉ်နဲ့ ၅ ပတ် ပတ်ပြီး ဘိုကုန်းရွာမြောက်ဘက် အောင်သာယာကုန်းဝန်းကျင်ကို ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က အပစ်အခတ်ရပ်စဲတယ်လို့ ကြောညာပြီးချိန်ကစပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ ထိုးစစ်ဆင်တိုက်ခိုက်မှု ရပ်တန့်တာမျိုး မလုပ်ဆောင်ဘဲ ပုံမှန်အတိုင်း တိုက်ခိုက်နေပါတယ်။