
မကွေးတိုင်း၊ ရေစကြိုမြို့နဲ့ ပခုက္ကူလမ်းပိုင်းတနေရာမှာ ဧပြီ ၁ ရက် ညနေ ၄ နာရီလောက်က စစ်ကောင်စီတပ် အသုံးပြုဖို့ စားအုံးဆီပေပါ အလုံး ၅၀ တင်ဆောင်လာတဲ့ ကားတစီးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ Southern YSO PDF တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ရေစကြိုမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေအတွက် ခွဲတမ်းစနစ်နဲ့ ခွဲဝေဖို့ တင်ဆောင်လာတဲ့ယာဉ်ကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
Southern YSO PDF တော်လှန်ရးတပ်ဖွဲ့ တာဝန်ခံ အောင်မောင်းက “သူတို့ အရပ်ကားနဲ့ သယ်ယူနေတာ တလကျော်အထိ စောင့်ဖမ်းရတာ။ ရေစကြိုမြို့နယ်က လုပ်ငန်းရှင်တဦးနဲ့ ပေါင်းပြီး စစ်တပ်ခွဲတမ်း သက်သာချောင်ချိရေး ခေါင်းစဉ်နဲ့ လုပ်စားနေတာကို သွားစောင့်ပြီး ဖမ်းဆီးခဲ့တာ၊ ယာဉ်မောင်းနဲ့ ကားစပယ်ယာကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး ဆီပေပါ အလုံး ၅၀ နဲ့ ကားကိုတော့ သိမ်းဆည်းထားလိုက်ပြီး လုံခြုံရေးအရ ဧပြီလ ၅ ရက်နေ့ ဒီကနေ့မှ သတင်းထုတ်ပြန်ခဲ့တာ” လို့ DVB ကို ပြောပါတယ်။
ကားကိုတော့ တော်လှန်ရေးတပ်ဖွဲ့အတွက် စစ်ဆင်ရေးမှာ အသုံးပြုသွားမှာဖြစ်ပြီး ပိဿာချိန် ၅,၅၀၀ ပါရှိတဲ့ စားအုန်းဆီတွေကိုတော့ တော်လှန်ရေးအတွက် ရောင်းချပြီး လိုအပ်တာတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နယ်မှာ စစ်ကောင်စီက စားအုန်းဆီတွေကို သူတို့သတ်မှတ်ဈေးနဲ့ ရောင်းချခွင့်ပေးထားပြီး သမဝါယမခေတ်က ဆီရောင်းချပေးသလို ပြည်သူတွေကို ကန့်သတ်ထားပြီး စစ်ကောင်စီ တပ်သက်သာချောင်ချိရေး ခေါင်းစဉ်နဲ့ အဆင်ပြေတဲ့ လုပ်ငန်းရှင်တွေနဲ့ ပေါင်းပြီး လုပ်စားနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။