
ဧရာဝတီတိုင်းကနေ ငလျင်ဒဏ်သင့် ဒေသတွေကို တင်ပို့ ရောင်းချနေတဲ့ ရေထွက်ကုန်စည်တွေ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် မတင်ပို့နိုင်ဖြစ်နေတယ်လို့ ဧရာဝတီတိုင်းက ရေထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
မတ် ၂၈ ရက် လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းတဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော် သွားတဲ့ အမြန်လမ်းပိုင်းတွေ ထိခိုက်ပျက်စီးခဲ့တာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတဲ့အတွက် ကုန်လမ်းကို အဓိကထားတင်ပို့နေရတဲ့ နေပြည်တော်ကို ဧပြီ ၄ ရက်အထိ ရေထွက်ကုန်ငါးနဲ့ ပုစွန်တွေ မတင်ပို့နိုင်သေးတဲ့အခြေအနေ ဖြစ်နေတာလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းက ရေထွက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင် တယောက်က “နေပြည်တော်ကို ဒီဘက်က ရေထွက်ကုန်တွေကို ကုန်လမ်းနဲ့ အဓိကတင်ပို့တာပါ။ ငလျင်ဒဏ်ကြောင့် လမ်းပိုင်းတွေက အရင်လိုသွားမရတော့ မတင်ပို့နိုင် ဖြစ်နေတာ။ အအေးစနစ်နဲ့ ထုတ်လုပ် တင်ပို့ရတာကြောင့် ကုန်ကျစရိတ်များချိန် မတင်ပို့နိုင်တော့ အလုပ်တွေကို ထိခိုက်တာပေါ့။ ကုန်ကားတွေက အဲဒီဘက်ကိုသွားလို့ကို မရသေးတာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းက ရေထွက်ကုန် ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဟာ မအူပင်၊ ပန်းတနော်၊ ဝါးခယ်မ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ မြောင်းမြ၊ လပွတ္တာ၊ ဖျာပုံ စတဲ့မြို့နယ်တွေကထွက်ရှိတဲ့ ရေထွက်ကုန် ငါးတွေ၊ ပုစွန်တွေကို ပြည်တွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ဈေး ကွက်တွေဆီ အဓိက တင်ပို့ရောင်းချနေတာဖြစ်ပြီး ငလျင်ဒဏ်ကြောင့် နေပြည်တော်ဈေးကွက်ကို လုံးဝမတင်ပို့နိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။
ရာဝတီတိုင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တယောက်က “စစ်တပ် အာဏာသိမ်းထားတာကြောင့် ပြည်ပဈေးကွက်ကောင်းကောင်းမရှိချိန် ငလျင်ဒဏ်ကြောင့် ပြည်တွင်းဈေးကွက်ပါ ထိခိုက်သွားတယ်။ ဒီအခြအနေအတိုင်းဆို မလွယ်ဘူး။ ငါးတွေ ပုစွန်တွေက ရက်ကြာကြာထားပြီး အချိန်ဆွဲ ရောင်းတဲ့ ကုန်စည်မဟုတ်တော့ ပိုဆိုးတယ်။ လမ်းပြုပြင် ပြင်ဆင်ပြီးစီးမှုအခြေအနေကို စောင့်ကြည့်နေပါတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းကနေ ထွက်ရှိတဲ့ ရေထွက်ကုန် အပါအဝင် ကုန်စည်တွေကို နေပြည်တော်ဘက်ကို ကုန်တင်ကားတွေနဲ့သာ အဓိကတင်ပို့နေရတာကြောင့် လက်ပန်းဆက်သွယ်ရေး ဆက်လက် ခက်ခဲနေပါက ကုန်စည်တင်ပို့တဲ့လုပ်ငန်းက လုပ်ငန်းရှင်တွေ ရပ်ထားရမယ့် အခြေအနေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကုန်စည်တင်ပို့တဲ့ လုပ်ငန်းမှာ အဓိကပါဝင်တဲ့ ကုန်တင်ကားသမားတွေ၊ ကုန်တင်၊ ကုန်ချလုပ်သားတွေ ရေထွက်ကုန် လုပ်ငန်းရှင်တွေ၊ ရေလုပ်သားတွေပါ ထိခိုက်လာနိုင်တယ်လို့ သိရပါတယ်။