
မြန်မာရိုးရာ အတာသင်္ကြန်ကာလ နီးကပ်လာသော်လည်း ဧရာဝတီတိုင်းမှာ သင်္ကြန်ရေကစား ပစ္စည်းတွေ အဝယ် မရှိသလောက်ဖြစ်နေတယ်လို့ သင်္ကြန်ရေကစားပစ္စည်း အရောင်းဆိုင်တွေ ဆီကနေ သိရပါတယ်။
ပုသိမ်ရေကစားပစ္စည်းအရောင်းဆိုင်ရှင် တယောက်က "ဟိုးအရင်နှစ်တွေကတော့ ဒီအချိန်ဆို အရမ်းရောင်းရတဲ့ အချိန်ပေါ့။ ကိုဗစ်ရောဂါကြောင့် သင်္ကြန် မစည်ကားပေမယ့် အထိုက် အလျောက် ရောင်းခဲ့ရတယ်။ အိမ်တွင်း သင်္ကြန် ပုံစံမျိုးကလေးတွေကို ရောင်းရတယ်လေ။ အ ခု တော့ စစ်တပ်အာဏာ သိမ်းထားတာနဲ့ စီးပွားရေး ကျပ်တည်းတာကြောင့်လို့ ပြောရမယ် ရောင်းအားကတော့ ငုတ်တုတ် မေ့နေတယ်။''လို့ ပြောပါတယ်။
သင်္ကြန်ကစားစရာပစ္စည်းအများစုကို တရုတ်နိုင်ငံက ရန်ကုန်ကို တင်သွင်းတာဖြစ်ပြီး ရန်ကုန်ကတဆင့် ဧရာဝတီတိုင်းထဲကို တင်သွင်းတာဖြစ်လို့ လက်ရှိ တရုတ်-မြန်မာနယ်စပ်မှာ မတည်မငြိမ်ဖြစ်တာနဲ့ ပြည်တွင်း စီးပွားရေး၊ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ရေကစား ပစ္စည်းအသစ်တွေလည်း ဝင်ရောက်နိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။
မြောင်းမြမြို့ပေါ်က သင်္ကြန်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် တယောက်က “လက်ကျန် ရေပြွတ်တွေ တောင် ဝယ်သူမရှိဘူး။ ပစ္စည်းတွေလည်း အသစ်လည်း မရောက်ဘူး။ တရုတ်လမ်းက ပိတ်ထားတော့ လက်ကျန်လေးပဲ ရှိတယ်။ ထပ်မှာဖို့လည်း အစီအစဉ် မရှိဘူး”လို့ ပြောပါတယ်။
အရင်က သင်္ကြန်ကာလတွေမှာ နယ်မြို့တွေနဲ့ ကျေးရွာတွေအထိ သင်္ကြန်ရေကစားပစ္စည်းတွေ ဖြန့်ဖြူးရောင်းချခဲ့ရပေမယ့် အခုနှစ်မှာ နယ်ဘက်တွေကပါ မှာယူပြီး တဆင့် ရောင်းချတာ မျိုး တွေ မရှိတော့ဘူးလို့ ဆိုပါတယ်။
အခုနှစ်မှာ သင်္ကြန်ပစ္စည်းအသစ် မဝယ်ဘဲ ပြီးခဲ့တဲ့ ၂ နှစ်က ဝယ်ထားတဲ့ ပစ္စည်းတွေကို ရောင်းချနေတေဖြစ်ပြီး အဲ့ဒီပစ္စည်းတွေလည်း ရောင်းမထွက်တာကြောင့် အရင်ယူနေကျ ဖောက်သည်ဆိုင်တွေကို ပြန်သွင်းနေရတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ အရင်က သင်္ကြန်နားနီးရင် ကျေးလက်က ဈေးဆိုင်တွေမှာ သင်္ကြန်ပစ္စည်း ဝယ်ယူသူတွေနဲ့ စည်ကားနေတာကို တွေ့ရပြီး အခုနှစ်မှာ အတာအိုးတမျိုးသာ ရောင်းချတာမျိုး တွေ့ရတယ်လို့ ဆိုပါတယ်။