Home
မြန်မာသတင်း
ငလျင်ဘေးသင့်သူပြည်သူများအတွက်  MNDAA က ကူညီနေ
DVB
·
April 4, 2025
photo: The Kokang
photo: The Kokang
photo: The Kokang
photo: The Kokang
photo: The Kokang

ကိုးကန့်တပ်ဖွဲ့ MNDAA အနေနဲ့  ငလျင်ဘေးသင့်သူတွေအတွက် တိုက်ရိုက်မကူညီနိုင်‌ပေမဲ့ ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ကူညီနေပြီး အကူအညီပစ္စည်းတွေလည်း မြေပြင်မှာ ရောက်ရှိနေပြီလို့  MNDAA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

MNDAA နဲ့ နီးစပ်သူတယောက်က “သွားတဲ့လမ်းကြောင်းတွေ ရှိပါတယ်ဗျ။ ရောက်အောင်တော့ တကယ့် မြေပြင်ကို ချိတ်ဆက်ပြီး လုပ်နေပါတယ်။ စကစနဲ့တော့ မသွားဘူးဗျ။ တကယ့် မြေပြင် လှုပ်ရှားနေတဲ့အဖွဲ့တွေကနေ လုပ်ပေးနေတာပါ” လို့ ပြောပါတယ်။

MNDAA ဘက်က အကူအညီကို စစ်ကောင်စီဘက်က လက်မခံဘူး ဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လိုသိရသလဲ ဆိုတာတော့ အတိအကျ မသိရဘူးလို့ သူက ပြောပါတယ်။

“စကစကို အကြောင်းကြားတာမျိုးတော့ ဘယ်လိုအကြောင်းကြားလဲ ကျနော်တို့ သေချာမသိဘူး။ ဒါပေမဲ့ အထက်က ပြောတာတော့ စကစနဲ့ ညှိတယ်၊ ညှိလို့မရဘူးလို့ပဲ ကျနော်တို့ သိရတယ်ဗျ” လို့ သူက ရှင်းပြပါတယ်။

လက်ရှိ MNDAA ရဲ့ အကူအညီတွေကတော့ မြေပြင်မှာ ရောက်ရှိနေပြီလို့ MNDAA နဲ့ နီးစပ်သူ နောက်တယောက်က ပြောပါတယ်။

“နိုင်ငံရေး၊ စစ်ရေးနဲ့ လုံးဝ မသက်ဆိုင်တဲ့သူတွေကနေတဆင့် ကူညီတယ်။ Documents အတိအကျနဲ့ပေါ့။ စစ်ကောင်စီနဲ့ မချိတ်ဘူးဗျ။ ဒီဘက်က တဖက်သက် သီးသန့်ကူညီတာပါ” လို့ သူကပြောပါတယ်။

အစောပိုင်းကတော့ လမ်းကြောင်းမှာ စစ်ကောင်စီရဲ့ နှောင့်ယှက်မှုတွေ ရှိခဲ့လို့ ပိတ်မိခဲ့ပေမဲ့ အခုတော့ အကူအညီတွေက ငလျင်ဘေးဒုက္ခသည်တွေဆီ ရောက်သွားပြီလို့ သူကပြောပါတယ်။

MNDAA ထိန်းချုပ်နယ်မြေအတွင်း ဧပြီ ၁၃ ရက် ကျရောက်မယ့် မဟာသင်္ကြန်ပွဲတော်ကြီးကို ခမ်းခမ်းနားနားကျင်းပဖို့ စီစဉ်ခဲ့‌ပေမဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ထိခိုက်သေဆုံးခဲ့ကြရတဲ့ ပြည်သူတွေနဲ့ ထပ်တူ ဝမ်းနည်းရတာကြောင့် သင်္ကြန်မဏ္ဍပ်တွေကို ဖျက်သိမ်းပြီး ဒေသတွင်း မည်သည့် ပျော်ပွဲရွှင်ပွဲမှ ကျင်းပခွင့်မပြုကြောာင်း MNDAA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

မဟာသင်္ကြန်အတွက် လျာထားတဲ့ ကုန်ကျစရိတ်တွေ အားလုံးကို ငလျင်ဒဏ်သင့် ဒေသတွေရှိ ပြည်သူတွေဆီ လှူဒါန်းသွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024