
ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမှာ မတ် ၂၈ ရက်က ငလျင်လှုပ်ခတ်လို့ ပရိဘောဂဆိုင် ပြိုကျပြီး တောင်ပေါ်ကျောက်တုံးက လိမ့်ဆင်းလာတာကြောင့် နေအိမ်နဲ့ ကားပျက်စီးတာတွေအပြင် အုတ်တံတိုင်း ပြိုကျခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မတ် ၂၈ ရက် မွန်းလွဲပိုင်းက အင်အားပြင်းငလျင်လှုပ်ခတ်သွားတာကြောင့် တောင်ကြီးမြို့က လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပြီး လူထိခိုက်မိတာမရှိဘူးလို့ သိရပါတယ်။
မိန်းလမ်းက အောင်သပြေပရိဘောဂဆိုင်တဆိုင် ပြိုကျတာ၊ တောင်ကျောင်းကြီး အရှေ့ဘက်ခြမ်းက အုတ်နံရံပြိုတာ၊ Ocean Center အက်ကွဲပြီး အနည်းငယ်ယိုင်တာ၊ ရပ်တော်မူဘုရား အက်ကွဲတာတွေရှိတယ်လို့ သိရပါတယ်။
မြို့ခံအမျိုးသမီးတယောက်က “ကားကွင်းကို ၆ ဘီးကားတစီးစာလောက်ရှိတဲ့ ကျောက်တုံးကြီး ပြုတ်ကျတော့ ကားဂိတ်ကို နှစ်ခြမ်းခွဲလိုက်သလို ဖြစ်သွားတာ။ ကားတစီးလည်း ကျေသွားတယ်။ အိမ်လည်း ပျက်စီးတယ်။ Ocean လည်း မှန်ကွဲတာ အက်တာရှိလို့ တပတ်ပိတ်ထားတယ်”လို့ ပြောပါတယ်။
ငလျင်လှုပ်တာကြောင့် မီးပျက်တာတွေ၊ ရေပြတ်လပ်တာတွေလည်း ကြုံတွေ့နေရကာ ဖယောင်းတိုင်နဲ့ ဆိုလာတွေ အရောင်းသွက်နေတယ်လို့ သိရပါတယ်။
စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ၁၆၀၀ ကျော်ရှိနေပြီး တချို့မြို့တွေမှာ ကူညီကယ်ဆယ်ရေးတွေ ဆက်လက်ဆောင်ရွက်နေကြဆဲ ဖြစ်ပါတယ်။