မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ အဆောက်အအုံ အပြိုအပျက်တွေကြား ပိတ်မိနေသူတွေကို မကယ်ထုတ်နိုင်သေးဘူးလို့ စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။
ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်း ငလျင်ဟာ မနေ့ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့အနီးကို ဗဟိုပြု လှုပ်ခတ်သွားတာဖြစ်ပြီး မနေ့ညကလည်း နောက်ဆက်တွဲ ငလျင်တွေ ထပ်လှုပ်ခဲ့တယ်လို့ စစ်ကိုင်းမြို့ခံ တယောက်က ပြောပါတယ်။
“ညက ဆက်တိုက် နာရီဝက်ခြား တခါ ငလျင် တောက်လျှောက်လှုပ်နေတာ။ လှုပ်တာတွေ အားလုံးကလည်း စကေး ၄ ဒသမ ၄၊ ၄ ဒသမ ၃၊ အဲဒီလောက်ရှိတယ်။ ဖုန်းလိုင်းတွေကလည်း ဆက်သွယ်ရခက်တော့ သေချာမသိရဘူး။ ထိခိုက်သေဆုံး များတယ်။ ပိတ်မိသူတွေလည်း ရှိနေသေးတယ်။ ပုံမှာ မြင်ရတဲ့အတိုင်း စစ်ကိုင်းက အကြီးဆုံး မီးသတ်တောင် ကားတွေ အဆောက်အဦကြီးနဲ့ ပိမိနေတော့ ကယ်ဆယ်ရေး မလုပ်နိုင်ခဲ့တာ ထင်တယ်။”
စစ်ကိုင်းအရှေ့ပိုင်းနဲ့ ငါးထပ်ကြီးဘုရား၀န်းကျင်မှာ ထိခိုက်ပျက်စီးမှု ဆိုးရွားပြီး မင်းကွန်းမှာလည်း ထိခိုက်ပျက်စီးမှု များသလို အသေအပျောက်တွေလည်း များတယ်လို့ သိရပါတယ်။
ငလျင်ဒဏ်ကြောင့် မင်းကွန်း မြသိန်းတန်စေတီ၊ ပုထိုးတော်ကြီး၊ မင်းကွန်းဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ မင်းကွန်းတိနိကျောင်းခေါ် တိပိဋကနိကာယ ကျောင်းတိုက်၊ သိမ်၊ လွမ်းစေတီနဲ့ သာသနိက အဆောက်အဦတွေ ပြိုကျ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
စစ်ကိုင်းနဲ့ မန္တလေးကို ဆက်သွယ်ထားတဲ့ နှစ်ပေါင်း ၉၀ ကျော် သက်တမ်းရှိ စစ်ကိုင်းတံတားဟောင်း (အင်းဝတံတား) ပြိုကျပျက်စီးခဲ့သလို စစ်ကိုင်းတံတားသစ်လည်း အက်ကွဲရာတွေ ထင်နေတာကြောင့် ဖြတ်သန်းသွားလာလို့ မရဘဲ ဇက်နဲ့ ရွှေကြက်ယက်ဘုရားကနေ ဧရာဝတီမြစ်ကို ဖြတ်သန်းသွားလာနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တံတားသစ်လည်း အက်ကြောင်းကြီးတွေ ထင်နေတာ ဆိုင်ကယ်တောင် မဖြတ်ရဲကြဘူး။ ညက တချို့ မန္တလေးမှာ အိပ်ကြတာ။ ဒီနေ့မှ ရွှေကြက်ယက်ဘုရားကနေ ဟိုဘက်ဒီဘက် အကြိုအပို့ ဇက်တွေ လုပ်ပေးကြတာ။ တံတားသစ်က ခုထိ ဘယ်သူမှ မဖြတ်ရဲကြဘူး။”
ငလျင်ဒဏ်ကြောင့် စစ်ကိုင်းကောင်းမှုတော်ဘုရား စိန်ဖူးတော် မြေခခဲ့ပြီး စစ်ကိုင်းမြို့ပေါ်က တန်းခိုးကြီး ဘုရားစေတီတွေနဲ့ အဆောက်အအုံတွေ အများအပြား ထိခိုက်ပျက်စီးပြီး ဒေသခံတွေ ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ ငလျင်နဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးနဲ့ ပဲခူးတို့မှာ လူသေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှု အများအပြား ရှိခဲ့ပါတယ်။
Photo: CJ