
စစ်ကိုင်းတိုင်း၊ တပ်မ ၆၆ လက်အောက်ခံ ခမရ ၄ တပ်သားသစ် ၂ ယောက် မတ် ၂၅ ရက်က မုံရွာ ခရိုင်အမှတ် ၁ တပ်ရင်း တော်လှန်ရေးတပ်ဖွဲ့ထံ ထွက်ပြေးခိုလှုံလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
တပ်သားသစ် ၂ ယောက်ဟာ ပခုက္ကူကဖြစ်ပြီး အလုပ်ကအပြန် စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပေါ်တာဆွဲ စစ်သင်တန်းအပို့ခံခဲ့ရကြောင်း၊ ခမရ ၄ တပ်ရင်းမှာ တာဝန်ကျပြီး အဲဒီကတဆင့် ရခိုင်ဒေသ ရှေ့တန်းကာကင်းစခန်းတွေ အပို့ခံခဲ့ရာကနေ ထွက်ပြေး ခိုလှုံလာတာလို့ ဆိုပါတယ်။
မုံရွာခရိုင်အမှတ် ၁ တပ်ရင်း၊ တပ်ရေးဗိုလ် သတ္တိ က “သူတို့ကို စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်။ သူတို့ပြောပြအချက်အရ စစ်တပ်ထဲပါသွားကတည်းက အကြိမ်ကြိမ် ထွက်ပြေးပို့ ကြိုးစားခဲ့ပေမဲ့ ခု ရှေ့တန်းစခန်းကိုရောက်မှပဲ ထွက်ပြေးနိုင်ခဲ့တာ။ ဒီဘက်ရောက်လာတဲ့ အချိန်မှာတော့ ပြည်သူ့ရင်ခွင်နဲ့ ချိတ်ဆက်ပြီး လိုအပ်တာတွေ လုပ်ပေးသွားမယ်” လို့ DVBကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီး သူတို့နဲ့အတူ တပ်သားသစ် အယောက် ၃၀ ကျော်ဟာ စစ်သင်တန်း ၃ လနည်းပါးတက်ခဲ့ရကြောင်း၊ စစ်သင်တန်းတက်ရောက်ခဲ့တဲ့ အယောက် ၃၀ ကျော်ထဲမှာ အယောက် ၂၀ ဟာ စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံရသူတွေလို့ ထွက်ပြေး ခိုလှုံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ခိုလှုံမယ်ဆိုရင် အမြဲတမ်း လက်ကမ်းကြိုဆိုနေပြီး ကြိုတင်ညှိနှိုင်းချိတ်ဆက်မှုနဲ့ ကူညီဆောင်ရွက်ပေးနေတယ်လို့ မုံရွာခရိုင်အမှတ် ၁ တပ်ရင်းတာဝန်ရှိသူတွေဆီက သိရပါတယ်။