
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ဟာ ဉာဏ်ရည်တု (AI) နည်းပညာနဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ အသေခံ ဒရုန်း စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပြီး မောင်းသူမဲ့ ထိန်းချုပ်မှုနဲ့ AI စွမ်းရည်တို့ဟာ ခေတ်မီလက်နက်များ ဖွံ့ဖြိုးတိုးတက်ရေးမှာ ထိပ်တန်းဦးစားပေးဖြစ်ရမယ်လို့ မတ် ၂၇ ရက် နိုင်ငံပိုင်မီဒီယာကနေ ပြောကြားခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ နည်းဗျူဟာမြောက်ပစ်မှတ်တွေနဲ့ ကုန်းတွင်းပိုင်းနဲ့ ပင်လယ်ပြင်ရှိ ရန်သူတွေရဲ့ လှုပ်ရှားမှုတွေကို ထောက်လှမ်းနိုင်စွမ်းရှိတဲ့ အဆင့်ထပ်မြှင့်ထားတဲ့ ကင်းထောက်ဒရုန်း အသစ်တွေကို စစ်ဆေးခဲ့တယ်လို့ KCNA နိုင်ငံပိုင်သတင်းဌာနက ပြောပါတယ်။
ကင်မ်ဂျုံအန်းဟာ ကင်းထောက် သုတေသန၊ ထောက်လှမ်းရေးအချက်အလက် စုဆောင်းခြင်း၊ အီလက်ထရွန်းနစ်စနစ်တွေကို တားဆီးပိတ်ဆို့ခြင်းနဲ့ တိုက်ခိုက်မှုစနစ်တွေအတွက် အသစ်တီထွင်ထားတဲ့ ကိရိယာကိုလည်း သီးခြားစစ်ဆေးခဲ့ပါတယ်။
နိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာတော့ တောင်ပံတပ်-မောင်းသူမဲ့ လေယာဉ် (UAV) ဟာ တင့်ကား ပုံသဏ္ဠာန် ပစ်မှတ်တခုပေါ် ပစ်ခတ်ဖို့ မြင်ကွင်းချိန်ညှိပြီးနောက် ပေါက်ကွဲမီးလောင်သွားတာကို ပြသထားပါတယ်။
ကင်မ်ဂျုံအန်းဟာ သူ့လက်ထောက်တွေနဲ့အတူ လမ်းလျှောက်လာနေပြီး ဒရုန်းတစင်းဟာ သူ့အနောက်ဘက်ရှိ ကတ္တရာလမ်းပေါ်မှာ ရပ်နားထားတဲ့ သာမန်တိုက်လေယာဉ်ထက် ပိုကြီးမားနေတာကိုလည်း တွေ့ရပါတယ်။
အင်ဂျင် ၄ လုံးတပ် လေယာဉ်ကြီးတစီးဆီကို ကင်မ်ဂျုံအန်းက သွားရောက်ကြည့်ရှုခဲ့ပြီး အနိမ့်ပျံသန်းပြတဲ့ လေယာဉ်ကိုလည်း ကြည့်ရှုခဲ့တာကို နိုင်ငံပိုင်ရုပ်သံက ပြသသွားပါတယ်။
မြောက်ကိုရီးယားရဲ့ လေကြောင်းချီ သတိပေးလေယာဉ်ဟာ စစ်ဆင်ရေးထိရောက်မှုနဲ့ အသုံးဝင်မှုဆိုင်ရာ အကဲဖြတ်ဖို့ ထပ်လိုသေးတယ်လို့ တောင်ကိုရီးယားစစ်တပ်က မတ် ၂၇ ရက်မှာ ပြောပါတယ်။
နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားဟာ သက်တမ်းရင့် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို တိုးတက်ကောင်းမွန်စေမယ့် စွမ်းရည်ရှိတဲ့ လေကြောင်းချီ ကြိုတင်သတိပေး လေယာဉ်ကို ပထမဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ဖော်ပြသခဲ့တာပါ။
စက်ကိရိယာတွေနဲ့ အစိတ်အပိုင်းတွေဟာ ရုရှားနိုင်ငံနဲ့ ဆက်စပ်နိုင်တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ် ပြည်သူ့ရေးရာ ဒါရိုက်တာ လီဆောင်းဂျွင်းက ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ယူကရိန်းစစ်ပွဲကို ကူညီဖို့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးခဲ့တဲ့အတွက် မြောက်ကိုရီးယားရဲ့ ဝေဟင်ပစ်ဒုံးကျည်တွေနဲ့ တိကျတဲ့ လေကြောင်းရန်ကာကွယ်ရေး ပစ္စည်းတွေကို ရုရှားက ပေးခဲ့တယ်လို့ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေး ရှင်ဝမ်းရှစ်ခ်က နိုဝင်ဘာလမှာ ပြောခဲ့ပါတယ်။
Source: Reuters