
စစ်ကောင်စီတပ်ဟာ စက်တပ်လေထီး (Paramotor) နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်မှ ၂၀၂၅ ခုနှစ်၊ မတ် ၂၅ ရက်အထိ ၃ လအတွင်း အကြိမ်ရေစုစုပေါင်း ၅၈ ကြိမ် ပြုလုပ်ခဲ့ပြီး သေဆုံးသူ အယောက် ၅၀ နဲ့ ဒဏ်ရာရရှိသူ ၅၆ ယောက် ရှိခဲ့ပါတယ်။
စစ်ကောင်စီဟာ လေကြောင်းကနေ လေယာဉ်နဲ့ ဗုံးကြဲတာ၊ ဒရုန်းနဲ့တိုက်ခိုက်တာတွေအပြင် ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းကစလို့ ပါရာမော်တာ (Paramotor) လို့ခေါ်တဲ့ စက်တပ်လေထီးတွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာတာပါ။
လေကြောင်းကနေ ပါရာမော်တာသုံးပြီး တိုက်ခိုက်မှုတွေကို မန္တလေး၊ မကွေး၊ စစ်ကိုင်း အစရှိတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ အစောဆုံးအသုံးပြုခဲ့ပြီး အခုနောက်ပိုင်းမှာတော့ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတွေအထိ ပျံ့နှံ့လာတာကို တွေ့ရပါတယ်။