
ကော်လိုရာဒိုပြည်နယ် လွှတ်တော်မှာ ချိတ်ဆွဲထားတဲ့ သူ့ပုံတူပန်ချီကားဟာ အင်မတန်ရုပ်ဆိုးတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဝေဖန်လိုက်ပြီးနောက် အဲဒီပန်းချီကားကို ဖြုတ်ချလိုက်ပါတယ်။
ဒေါ်နယ်ထရမ့်ပ်က “ဘယ်သူမှ ကိုယ့်ပုံ၊ ကိုယ့်ပန်းချီကား ရုပ်ဆိုးပန်းဆိုး မကြိုက်ကြပါဘူး။ ဒါပေမဲ့ ကော်လိုရာဒိုပြည်နယ်မှာ၊ ပြည်နယ်လွှတ်တော်အဆောက်အအုံမှာ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးက တခြားသမ္မတတွေ အားလုံးပုံနဲ့အတူ ချိတ်ဆွဲထားတဲ့ ပန်ချီကားကတော့ ရည်ရွယ်ချက်ရှိရှိကို ပုံပျက်ပန်းပျက် ရေးထားလိုက်တာ ကျုပ်တောင် ဒီလောက်ဆိုးတာ တခါမှ မမြင်ဖူးဘူး” လို့ လူမှုကွန်ရက် Truth Social မှာ ရေးသားခဲ့ပါတယ်။
“အဲဒီပန်းချီဆရာမကပဲ သမ္မတအိုဘားမားပုံလည်း ရေးပေးပေမဲ့ ကြည့်လို့ကောင်းပါတယ်။ ကျုပ်ပုံတခုပဲ တကယ်အဆိုးဆုံးဖြစ်နေတာ။ ဒီအမျိုးသမီးက အသက်ကြီးလာတော့ အရည်အချင်း ကျလာတာဖြစ်မယ်” လို့လည်း ထရမ့်ပ်က မှတ်ချက်ပေးခဲ့ပါတယ်။
ဒီပန်းချီကားကို ၂၀၁၉ ကတည်းက ကော်လိုရာဒိုပြည်နယ်လွှတ်တော်မှာ ချိတ်ဆွဲထားခဲ့တာဖြစ်ပြီး မတ် ၂၄ ရက်မှာတော့ အဲဒီပန်းချီကားကို ဖြုတ်ချလိုက်ပြီလို့ သိရပါတယ်။
အခုလို ပန်ချီးကားဖြုတ်ချချိန်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင် ဆီကနေ သူ့ ပုံတူပန်းချီကားသစ်တချပ် လက်ဆောင်ရခဲ့တဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေခဲ့ပါတယ်။ ပူတင်ဆီက လက်ဆောင်ရတဲ့ ပန်းချီကားကိုတော့ လူသိရှင်ကြား ထုတ်မပြသေးပါဘူး။
ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ ဒီပန်းချီကားဟာ ပူတင်ပေးတဲ့ ပုဂ္ဂလိကလက်ဆောင် ဖြစ်တယ်လို့ အတည်ပြုထားပေမဲ့ အသေးစိတ်ကိုတော့ ပူတင်ကိုယ်တိုင်ပဲ ပြောနိုင်မယ်လို့ ဆိုပါတယ်။
ထရမ့်ပ်ရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်ကလည်း မော်စကိုကနေ ဒီပန်းချီကားရတာကို အတည်ပြုထားပြီး ဝါရှင်တန်ကိုသယ်သွားဖို့ သူ့ကို မေတ္တာရပ်ခံခဲ့တာလို့လည်း ဆိုပါတယ်။
ဒီပန်းချီကားဟာ ရုရှား ထိပ်တန်းပန်းချီဆရာတယောက် ရေးဆွဲပေးတဲ့ လှပတဲ့လက်ရာလို့ ဝစ်ကော့ဖ်က ဆိုပါတယ်။ ထရမ့်ပ်ကိုယ်တိုင်လည်း ဒီပန်းချီကို သဘောကျတယ်လို့ ဖြည့်စွက်ပြောပါတယ်။
လုပ်ကြံဖို့ ကြိုးစားမှုကနေ ထရမ့်ပ် လွတ်မြောက်လာခဲ့အပြီးမှာလည်း ပူတင်က ထရမ့်ပ်အတွက် ဆုတောင်းပေးခဲ့တယ်လို့ ဝစ်ဖ်ကော့က ပြောပါတယ်။
Source : Reuters