
ယူကရိန်းနိုင်ငံရဲ့ မြို့တော်ကိယက်ဗ်ကို ရုရှားက မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်လို့ လူ ၂ ယောက် သေဆုံးပြီး တိုက်ခန်းအဆောက်အအုံတွေ မီးလောင်ခဲ့သလို လူ ၃၀ လောက်ကို ဘေးလွတ်ရာရွှေ့ပေးခဲ့ရတယ်လို့ ယူကရိန်းအစိုးရ အရေးပေါ်ဌာနက မတ် ၂၃ ရက်အစောပိုင်းမှာ ပြောပါတယ်။
တိုက်ခိုက်မှုဖြစ်အပြီး မီးလောင်နေတဲ့ တိုက်ခန်းတွဲ အဆောက်အဦပုံနဲ့ အရေးပေါ် ဝန်ထမ်းတွေက မီးငြှိမ်းသတ်ဖို့ ကြိုးစားနေပုံ ဓာတ်ပုံတွေကို ယူကရိန်းအစိုးရ အရေးပေါ်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။
နီပရော့ဖ်စကီ ခရိုင်က အထပ်မြင့်လူနေအဆောက်အအုံတခုမှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရအပြီး အပျက်အစီးတွေပြုတ်ကျလာလို့ အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ အရေးပေါ်ဝန်ဆောင်မှုဌာနက Telegram မှာ ဖော်ပြခဲ့ပါတယ်။
လူ ၂၇ ယောက်ထက်မနည်းကိုလည်း အဆောက်အအုံကနေ ရွှေ့ပြောင်းပေးခဲ့ရသလို ကိယက်ဗ်မြို့တော် ဟိုလိုစီယက်ဗ်စကီ ခရိုင်ထဲမှာ ညဘက်တိုက်ခိုက်မှု နောက်တခုမှာလည်း တခြားလူတယောက် သေဆုံးခဲ့တယ်လို့ အရေးပေါ် ဌာနက ပြောပါတယ်။
ကိယက်ဗ်ကို ရန်သူက ဒရုန်းနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့တာလို့ မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက ပြောပါတယ်။
အခုချိန်ထိ မြို့တော်မှာ နေထိုင်သူ ၇ ယောက်ဒဏ်ရာရခဲ့ပြီး တယောက်ကို ဆေး ရုံတင်ထားရတယ်လို့ ဆိုပါတယ်။ မီးလောင်တာကို သတင်းရတာနဲ့ မြို့ရဲ့ခရိုင်အများအပြားဆီ အရေးပေါ်ဌာန အဖွဲ့တွေ စေလွှတ်ခဲ့တယ်လို့လည်း မြို့တော်ဝန်က ပြောပါတယ်။