
အစ္စရေးတရားရုံးချုပ်ဟာ ပြည်တွင်းထောက်လှမ်းရေးဌာန ရှင်းဘတ်အကြီးအကဲကို ရာထူးမှ ထုတ်ပယ်တာကို ယာယီရပ်ဆိုင်းတဲ့ ယာယီတားမြစ်မိန့်ကို မတ်လ ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
တရားရုံးစီရင်ချက်အရ တရားရုံးဟာ မတ် ၂၀ ရက် နှောင်းပိုင်းက အစိုးရအဖွဲ့မှ အတည်ပြုခဲ့တဲ့ ထုတ်ပယ်ခံရမှုကို ဆန့်ကျင်ကြောင်း အသနားခံစာ တင်တဲ့အပေါ် စတင်စဉ်းစားခွင့်ပြုမှာ ဖြစ်ပြီး ဧပြီ ၈ ရက်ထက် နောက်မကျစေဘဲ ဆုံးဖြတ်ချက်ချမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အစ္စရေးမှာ ရှင်းဘတ် (ပြည်တွင်းထောက်လှမ်းရေး) ၊ အာမန် (စစ်ထောက်လှမ်းရေး) နဲ့ မော့ဆဒ် (နိုင်ငံရပ်ခြားထောက်လှမ်းရေး) ဆိုတဲ့ အဓိက ထောက်လှမ်းရေး အဖွဲ့အစည်း ၃ ခု ရှိပါတယ်။
သောကြာနေ့က အစ္စရေးစစ်တပ်ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ ဓာတ်ပုံတွေမှာ ရှင်းဘတ်အကြီးအကဲ ရိုနန်ဘားနဲ့အတူ စစ်ဦးစီးချုပ် အိုင်ယာလ်ဇမီးယားတို့ကို ပြထားပြီး ဒါဟာ တောင်ပိုင်းစစ်ဌာနချုပ်မှာ စစ်တပ်ခေါင်းဆောင်တွေနဲ့ လုံခြုံရေးအကဲဖြတ်တာလို့ စစ်တပ်က ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုဟာ ရှင်းဘတ်အကြီးအကဲ ရိုနန်ဘားအပေါ် ယုံကြည်မှုပျောက်ဆုံးပြီး သူ့ကိုထုတ်ပယ်ဖို့ ရည်ရွယ်ထားကြောင်း ကြေညာခဲ့ပါတယ်။
ဒါကြောင့် အခုသီတင်းပတ်အတွင်းမှာ ထောင်သောင်းချီတဲ့ ပြည်သူတွေဟာ ဂျေရုဆလမ်နဲ့ တဲလ်အဗစ်မြို့တို့မှာ ရှင်းဘတ် ခေါင်းဆောင်ကို ရာထူးမှထုတ်ပယ်မှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ဝေဖန်သူတွေကလည်း အဓိကကျတဲ့ နိုင်ငံတော်အဖွဲ့အစည်းတွေကို ပျက်ပြားစေအောင် ကြိုးပမ်းမှုလို့ ရှုမြင်ကြပါတယ်။
ဆန္ဒပြမှုတွေဟာ သောကြာနေ့အထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး အစ္စရေးအစိုးရ ရုံးစိုက်ရာ ဂျေရုဆလမ်မြို့ရဲ့ လမ်းတွေပေါ်မှာ အများအပြား ချီတက်ခဲ့ကြပါတယ်။ အစောပိုင်းက ဆန္ဒပြသူတွေဟာ နေတန်ယာဟုရဲ့ တရားဝင်နေအိမ်အနီးမှာ အတားအဆီးတွေကို ချိုးဖျက်ဖို့ ကြိုးပမ်းစဉ်မှာ ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။
Source: Reuters