
ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်က စစ်ကောင်စီရဲ့ စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးသွားပြီး ဂိတ်ကို ပြန်ပြင်နေတုန်းမှာ မိုင်းခွဲတာကြောင့် ၁ ယောက် ထပ်သေတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က မတ် ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရန်ကုန်-ပြည် အဝေးပြးကားလမ်းဘေး၊ အုတ်တွင်းကျေးရွာနားက အဲဒီဂိတ်ကို မတ် ၂၀ ရက် မနက် ၁ နာရီခွဲဝန်းကျင်မှာ ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁ နာရီ ၄၅ မိနစ်လောက် အပြန်အလှန်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ တပ်ခွဲ ၂ တာဝန်ရှိသူ ရဲဘော်တယောက်က DVB ကိုပြောပါတယ်။
“ကျနော်တို့ဘက်က အရင်စပစ်တာပါ၊ သူတို့ဘက်မှာက အင်အား ၃၀ လောက်ရှိတယ်၊ တိုက်ပွဲက နီးကပ်တယ်၊ ကားလမ်းပဲခြားတာ။ လက်နက်ချဖို့ပြောတာ မချဘူး။ ပြီးတော့ ဒီကောင်တွေ အလောင်းတွေထမ်းပြီး ထွက်ပြေးသွားတာ။ မျက်မြင်ရော၊ ဖရဲသီးတွေဆီကပါ သိရတာက ၇ ယောက် သေတယ်၊ ၆ ယောက်ဒဏ်ရရသွားတယ်၊ စခန်းထဲဝင်ရှာတော့ ကာဘိုင်သေနတ် ၁ လက်ရတယ်။ မြို့ထဲကစစ်ကားတွေလာတယ်ဆိုလို့ စခန်းကိုအမြန်မီးရှို့ပြီးထားခဲ့ရတာ၊ သိပ်ပြီးမီးမလောင်သွားဘူး”
တိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တယောက် မစိုးရိမ်ရတဲ့ဒဏ်ရာရရှိခဲ့ပြီး ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် အတောင့် ၂၀၊ စစ်အသုံးအဆောင်တချို့နဲ့ ဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မတ် ၂၁ ရက်နေ့ မနက် ၁၀ နာရီလောက်မှာလည်း စစ်ဆေးရေးဂိတ်က ဘန်ကာတွေကို ပြန်လည်ပြုပြင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အဝေးထိန်းမိုင်းနဲ့ ထပ်ပြီး ဗုံးခွဲတိုက်ခိုက်ခဲ့သေးတယ်လို့ တပ်ရင်း ၃၈၀၂ ပြန်ကြားရေးတာဝန်ခံ ရဲဘော်က ပြောပါတယ်။
“ဖရဲသီးအကူအညီနဲ့ မိုင်းခွဲနိုင်ခဲ့တယ်။ အဲဒီမှာ ၁ ယောက်သေသွားတယ်၊ ၃ ယောက်ဒဏ်ရာရတယ်။ ကျနော်တို့မြို့ပေါ်တိုက်ပွဲတွေဖော်ဆောင်သွားမှာမို့ ပြည်သူတွေအနေနဲ့ ဒီကောင်တွေ (စစ်ကောင်စီတပ်ဖွဲ့ဝင်များ)နဲ့ ဝေးဝေးနေပေးပါ။ စစ်ဆင်ရေးအရှိန်က ရပ်တန့်မနေပါဘူး”
စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် အနီးအနားက ဦးတိုကညင်ပင်၊ ဦးတိုမြန်မာစုနဲ့ ဦးတိုစာဖြူစုရွာတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေပြီးနောက် ဆိုင်ကယ် ၂ စီးကို လုယူသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"စစ်သားတွေလာပြီဆိုတော့ရွာသားတွေထွက်ပြေးကြတာ၊ အဲဒီမှာရွာသားတွေမရှိတဲ့အချိန် ဦးတိုရွာက ဆိုင်ကယ်နှစ်စီးယူသွားတယ်”ဟု ထိုဒေသခံကဆိုပါတယ်။
စစ်ကောင်စီဝါဒါဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ စစ်ဆေးရေးဂိတ်ကို လာရောက်တိုက်ခိုက်တဲ့ PDF ၇ ယောက်လောက် သေဆုံးတယ်လို့ ရေးသားဖော်ပြနေကြပါတယ်။