
မူးယစ်ဂိုဏ်းတခုထံကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတဲ့အမှုမှာ အာရက္ခတပ်တော် (AA) ဆက်စပ်ပတ်သက်နေတယ်ဆိုပြီး စစ်ကောင်စီရဲ့ စွပ်စွဲချက်ဟာ ယုတ္တိလုံးဝမရှိတဲ့အပြင် နိုင်ငံရေးသိက္ခာချတဲ့ စွပ်စွဲချက်တခုသာ ဖြစ်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က မတ် ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့အတွင်း ဖမ်းဆီးရမိခဲ့တဲ့ ငွေကျပ် ၉၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးအမှုမှာ အာရက္ခတပ်တော် (AA) ပါဝင်ပတ်သက်နေတယ်ဆိုပြီး မတ် ၁၉ ရက်က စစ်ကောင်စီပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပြီး အဲဒီအမှုမှာ AA ရဲ့ စီးပွားရေးတာဝန်ခံ ကိုရဲဝင်း ဆိုသူ ပါဝင်ပတ်သက်နေတယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲပြောဆိုထားတာပါ။
AA ရဲ့ အမည်နာမကို ထည့်သွင်းထားရုံမက မူးယစ်ဆေးဝါး ဖမ်းဆီးရမိတဲ့ သတင်းပါကိစ္စရပ်တွေကို အတင်းဆက်စပ်ပတ်သက်နေတယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲနေတာကြောင့် မူးယစ်ဆေးဝါးသတင်းနဲ့ AA အကြား ဘယ်လိုမှ ဆက်စပ်မှုမရှိတာကို အတိအလင်း ပြတ်သားစွာ ပြောကြားလိုတယ်လို့ AA ဘက်က တုံ့ပြန် ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ AA ကို စစ်ရှုံးနေတဲ့အပြင် ပြည်တွင်း၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအလယ်မှာ အရှက်ရနေတဲ့အချိန် ဖြစ်တာကြောင့် ရှက်ရမ်းရမ်းပြီး အငြိုးအတေးကြီးစွာနဲ့ နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်နေမှုတခု ဖြစ်ပါတယ်လို့ AA က သုံးသပ်ပြောဆိုပါတယ်။
စစ်အာဏာရှင်အစိုးရအဆက်ဆက်ဟာ သူတို့ကို တော်လှန်ပုန်ကန်နေကြသူတွေကို ညှိနှိုင်းဆွေးနွေးဖို့ မလိုတဲ့ ရန်ဘက်တွေလို့ သတ်မှတ်ပြီး စစ်ရေးအရ ကြီးမားတဲ့ တုံ့ပြန်မှုတွေနဲ့အတူ သူတို့ရဲ့ သတင်းမီဒီယာ၊ ရုပ်သံတွေမှာ ထုတ်လွှင့်ပြသပြီး သတင်းမှားအမျိုးမျိုးနဲ့ လုပ်ကြံဖန်တီး တိုက်ခိုက်ခဲ့ကြတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
ကေခိုင်