
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ မတ် ၁၉ ရက် ညနေပိုင်းက စစ်ကျန်ဗုံးသီးကို ဆော့ကစားရာက လူငယ်တယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာမှာ လူငယ် ၅ ယောက်ဟာ မတ် ၁၉ ရက် ညနေ ၄ နာရီလောက်က စစ်ကျန်ဗုံးသီးကို ကောက်ယူပြီး မီးဖိုထဲကို ထည့်ရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မင်းသားတောင်ကျေးရွာ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် မင်းသားတောင်ရွာက အသက် ၁၄ နှစ်အရွယ် မောင်ဌေးဦး သေဆုံးပြီး အသက် ၁၆ နှစ်အရွယ် မောင်ကျော်ဆန်းလင်း၊ အသက် ၁၄ နှစ်အရွယ် မောင်သန်းနိုင်၊ အသက် ၁၄ နှစ်အရွယ် မောင်နေပိုင်စိုးနဲ့ အသက် ၁၅ နှစ်အရွယ် မောင်ခိုင်အောင်မျိုးတို့မှာ ဒဏ်ရာတွေရရှိခဲ့လို့ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
အဲဒီလူငယ် ၅ ယောက်လုံးဟာ ၇ တန်းကျောင်းသားတွေဖြစ်ပြီး ရွာချောင်းမှာ ငါးရှာနေရင်း ၄၀ မမ ဗုံးသီးတလုံး ကောက်ရပြီး အဲဒီဗုံးသီးကို ထုကြည့်ကာ မီးဖိုထဲထည့်ရာကနေ ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ဖေဖော်ဝါရီ တလအတွင်း စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၈ ယောက်ထက်မနည်း သေဆုံးကာ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။