
ဆိုမာလီနိုင်ငံရဲ့မြို့တော် မိုဂါဒစ်ရှူးက သမ္မတနန်းတော်အနားမှာ မတ် ၁၈ ရက်က ဗုံးပေါက်ကွဲမှု ဖြစ်ပြီး လူ ၄ ယောက် သေဆုံးသွားပါတယ်။
သမ္မတ ဟတ်ဆန်ရှိတ်ခ်မိုဟာမက်ဒ်ရဲ့ ယာဉ်တန်း ဖြတ်သန်းသွားချိန်မှာ ပေါက်ကွဲတာ ဖြစ်ပြီး ယာဉ်တန်းကို ထိခိုက်ခဲ့တယ်လို့ မျက်မြင်သက်သေဖြစ်တဲ့စစ်သားတွေနဲ့ ဒေသခံတွေကို ကိုးကားပြီး သည်အိစ်အာဖရိကန် သတင်းဌာနက ဖော်ပြပါတယ်။
သမ္မတနန်းတော်နားက တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ လူ ၄ ယောက်ရဲ့အလောင်းတွေကို တွေ့ခဲ့တယ်လို့ ရိုက်တာသတင်းထောက်ကို ကိုးကားပြီးသတင်းမှာ ရေးပါတယ်။
သမ္မတကတော့ ဘေးကင်းတယ်လို့ အစိုးရနဲ့ စစ်ဘက်အကြီးတန်း အရာရှိတွေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
စစ်သွေးကြွတွေကို တိုက်နေတဲ့ စစ်သည်တွေကို စိတ်ခွန်အားပေးဖို့ သမ္မတက နိုင်ငံအလယ်ပိုင်း ဟီယာရှာဘေလေပြည်နယ်ကို သွားဖို့ လေဆိပ်ဆီ အသွားမှာ ခုလိုဖြစ်တာပါ။
အယ်လ်ကေဒါတွေနဲ့ ချိတ်ဆက်ထားတဲ့ လက်နက်ကိုင်အုပ်စု အယ်လ်ရှာဘတ်တွေက ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ တာဝန်ခံခဲ့ပါတယ်။
ဆိုမာလီဖယ်ဒရယ်အစိုးရကို ဆန့်ကျင်နေတဲ့ အယ်လ်ရှာဘတ်တွေဟာ အစိုးရ အရာရှိတွေနဲ့ စစ်ဘက်အရာရှိတွေကို ပစ်မှတ်ထားပြီး ဗုံးခွဲ တိုက်ခိုက်တာတွေ မကြာခဏ ဆောင်ရွက်နေပါတယ်။
အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေးတပ်နဲ့ အစိုးရတပ်တွေက စစ်ဆင်ရေးတွေ အားဖြည့်နေပေမဲ့ အယ်လ်ရှာဘတ် အုပ်စုဟာ ဆိုမာလီကျေးလက်ဒေသ အစိတ်အပိုင်းတွေကို ထိန်းချုပ်ထားပြီး သိသိသာသာ ခြိမ်းခြောက်နေပါတယ်။
Source:Reuters