
အာဖရိက ၆ နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၈ နိုင်ငံမှာ မကြာခင်အချိန်အတွင်း HIV ဆေးဝါးတွေ ပြတ်လပ်သွားနိုင်တယ်လို့ ကုလသမဂ္ဂအေဂျင်စီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အတည်ပြုပါတယ်။
လက်ရှိအခြေအနေကြောင့် နောက်ထပ် HIV ကူးစက်ခံရသူ ၁၀ သန်းကျော် တိုးပွားလာနိုင်သလို အဲဒီရောဂါနဲ့ ဆက်စပ်တဲ့ သေဆုံးမှုတွေလည်း ၃ သန်းအထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
WHO အကြီးအကဲ ဒေါက်တာတက်ဒရို့စ်ကတော့ “HIV ကုသရေးအစီအစဉ်တွေ ပြတ်တောက်သွားရင် အနှစ် ၂၀ အတွင်း ရလာတဲ့ တိုးတက်မှုကို ပျက်ပြယ်စေနိုင်တယ်” လို့ သတိပေးလိုက်ပါတယ်။
ဒါဟာ လွန်ခဲ့တဲ့နှစ်ထက် သေဆုံးသူအရေအတွက် ၃ ဆ ပိုပြီးများတယ်လို့ တနင်္လာနေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထပ်ပြောသွားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြည်ပအကူအညီပေးရေး ရန်ပုံငွေတွေကို ယာယီရပ်ဆိုင်းထားဖို့နဲ့ အစိုးရအသုံးစရိတ်အပေါ် ပြန်လည်သုံးသပ်ဖို့အတွက် စတင်တာဝန်ယူတဲ့ ဇန်နဝါရီလမှာတင် ကြေညာခဲ့တာပါ။
အမေရိကန်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အတွက် အများဆုံးထောက်ပံ့ပေးနေတဲ့ နိုင်ငံဖြစ်တဲ့ အလျောက် ထရမ့်ပ်ရဲ့ WHO အဖွဲ့ဝင်အဖြစ် နုတ်ထွက်ရေး ဆုံးဖြတ်ချက်ဟာ ရန်ပုံငွေပမာဏအပေါ် ထိခိုက်မှုရှိခဲ့ပါတယ်။
ဒါကြောင့် လာမယ့် လပိုင်းအတွင်း ကင်ညာ၊ လက်ဆူတူ၊ တောင်ဆူဒန်၊ နိုင်ဂျီးရီးယား၊ ဘာကီနာဖာဆို၊ မာလီ၊ ဟေတီနဲ့ ယူကရိန်း စတဲ့နိုင်ငံတွေမှာ HIV ရောဂါသည်တွေ အသက်ဆက်နေရတဲ့ ARV ဆေးတွေ ကုန်တော့မယ့်အကြောင်း ဖော်ပြထားပါတယ်။
“အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ ရက်ရက်ရောရော ထောက်ပံ့ခဲ့တာပါ။ အဲဒီတော့ သူတို့ ဘာကိုထောက်ပံ့မယ်၊ ဘယ်လောက်ပမာဏ ပေးမယ်ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်ရှိတာ အမှန်ပါ” လို့ WHO အကြီးအကဲက ပြောသွားပါတယ်။
“ဒါပေမဲ့လည်း အမေရိကန်ဘက်က တခြားနိုင်ငံတွေအတွက် တိုက်ရိုက်ထောက်ပံ့ငွေ ရုပ်သိမ်းတော့မယ်ဆိုရင် လူသားချင်းစာနာမှုရှိစွာနဲ့ စနစ်တကျ စီစဉ်ပေးရမယ့် တာဝန်လည်း ရှိပါတယ်။ ဒါမှသာ တခြားရန်ပုံငွေအရင်းအမြစ်ကို ရှာဖွေနိုင်မှာဖြစ်တယ်” လို့ ဖြည့်စွက်ပြောပါတယ်။
အာဖရိကရဲ့ ဆာဟာရန် ဒေသခွဲမှာ HIV ကူးစက်ခံထားရသူ ၂၅ သန်းလောက်ရှိနေပြီး အဲဒီအရေအတွက်ဟာ ကမ္ဘာတဝန်းက ဒီရောဂါခံစားနေရသူ ၃၈ သန်းရဲ့ ၃ ပုံ ၂ ပုံထက်ကို ပိုမိုများပြားပါတယ်။
Source : Reuters