
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဘီးစပ်ကုန်းကျေးရွာကို မတ် ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက ဘီးစပ်ကုန်းကျေးရွာကို မနေ့ မနက် ၁၁ နာရီကျော်လောက်မှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြေတော်ကျေးရွာ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၁၀ ရွာကျော်လောက်က ဒေသခံပြည်သူ ၁၀,၀၀၀ လောက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မွှေနှောက်နေလို့ စစ်ဘေးတိမ်းရှောင်နေရတဲ့အတွက် အိမ်ခြေ ဘယ်လောက် မီးလောင်ကျွမ်းတယ် ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဘီးစပ်ကုန်းကျေးရွာက နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ကာ ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူပြီး မင်းရွာဘက် သယ်သွားကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူတွေရဲ့ နေအိမ် ၁၁၀,၀၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ တခုဖြစ်တဲ့ Data For Myanmar က ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။