
တနင်္သာရီမြို့နယ်၊ ကျောက်တောင်ငယ်မှာ စစ်ကောင်စီတပ်သားတယောက်ကို ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဆီက သိရပါတယ်။
မတ် ၁၅ ရက်၊ ည ၉ နာရီလောက်က ကျောက်တောင်ငယ်ရွာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကင်းလှည့်နေစဥ် မသင်္ကာသူတယောက်ကို တွေ့ရှိပြီး ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူမှာ အသက် ၂၇ နှစ်အရွယ် ကိုနိုင်လင်း ဖြစ်ပြီး စစ်ကောင်စီရဲ့ မော်တုန်းအခြေစိုက် ၃၀၆ အမြောက်တပ်ရင်းက တ/၅၂၀၇၂၁ တပ်သားလို့ တနင်္သာရီမြို့နယ် ပလဖဆီက သိရပါတယ်။
တနင်္သာရီမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က “အခုလက်ရှိမှာ ကျနော်တို့ ထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ အသေးစိတ်ကိုတော့ နောက်မှ ထုတ်ပြန်ပါမယ်” လို့ ပြောပါတယ်။
အခုလက်ရှိမှာတော့ အဆိုပါစစ်ကောင်စီတပ်သားကို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေမှာရှိတဲ့ လုံခြုံတဲ့တနေရာမှာ ထိန်းသိမ်းထားတယ်လို့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်က တနင်္သာရီ-မောတောင် ကားလမ်းပိုင်းရှိ သိမ်းခွန်းတိုက်ပွဲက စစ်ကောင်စီတပ်သား ၂ ယောက် တနင်္သာရီမြို့နယ်ပကဖထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ သိရပါတယ်။