
တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့မှာ မတ် ၁၇ ရက်နေ့က ဓားပြတိုက်စားတဲ့ ပြည်သူ့စစ်အဖွဲ့ကို ဖမ်းမိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတယောက်က “မူဆယ်မှာ ဓားပြတိုက်စားတဲ့ အဖွဲ့တဲ့။ ပြည်သူ့စစ်လုပ်တဲ့ လူတွေလေ၊ ဓားပြ ပြန်တိုက်စားနေတာ။ ဓားပြတိုက်စားတာတော့ ကြာပြီ၊ အခုမှ ဖမ်းမိတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
မူဆယ်မြို့ မြစ်ရွှေလီ လမ်းဆုံနဲ့ မင်္ဂလာမူဆယ်ကြား မြို့မ ၃ ပြည်သူ့စစ်တွေက ဖုန်းနဲ့ ကား ခိုးသွားတဲ့သူတွေကို ဖမ်းမိပြီး ပြည်သူ့စစ်အချင်းချင်း ရိုက်နှက်နေကြတာလို့ ဆိုပါတယ်။
ဒေသခံ နောက်တယောက်က “မတ်လ ၁၇ ရက်နေ့ ညနေပိုင်း ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြတချို့ ဖမ်းဆီးရမိတယ်။ ကားနဲ့ ဖုန်းခိုးတဲ့သူ တရားခံ ၃ ယောက်ပါ” လို့ ပြောပါတယ်။
မူဆယ်မှာက ပြည်သူ့စစ်အဖွဲ့များစွာ ကျင်လည်ကျက်စားနေပြီး ဒုစရိုက်မြို့တော်လို ဖြစ်နေတယ်လို့ ဆိုပါတယ်။
မူဆယ်ခရိုင် တာဝန်ရှိသူတယောက်ကလည်း ဓားပြတိုက်တဲ့သူတွေဟာ ပြည်သူ့စစ်တွေဖြစ်ပြီး ဖမ်းမိထားတာ ဟုတ်မှန်ကြောင်း အတည်ပြုပါတယ်။
မူဆယ်မြို့ပေါ် ခိုးမှု၊ ဓားပြတိုက်မှု၊ ဖောက်ထွင်းမှု၊ ပြန်ပေးဆွဲမှု၊ လုယက်မှုတွေဟာ လက်နက်ကိုင်ဆောင်ထားသူတွေ များတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခု ဇွန်လကလည်း မူဆယ်မှာ ပြန်ပေးဆွဲမှုကျူးလွန်တဲ့ တပ်မ ၉၉ က စစ်ကောင်စီ အရာရှိတွေ ဖြစ်တဲ့ ဗိုလ်မှူး ဟန်ဇင်စိုး၊ ဗိုလ်ကြီး ကျော်သူအောင်၊ ဗိုလ် ချမ်းမြေ့လင်းနဲ့ ဗိုလ် မျိုးညီညီထွန်းတို့ကို ကောင်းမှုလွယ်၊ အိမ် နံပါတ် ၁၂၇ မှာ သက်သေခံပစ္စည်းတွေနဲ့ အတူ ဖမ်းဆီး ရမိခဲ့ဖူးပါတယ်။
Pra Jaw