
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲမှာ ခိုလှုံနေတဲ့ ဒုက္ခသည်ဦးရေ ၄၁,၀၀၀ ကျော်အထိရှိလာနေပြီး မြန်မာနိုင်ငံဘက်က ပဋိပက္ခတွေနဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေက အများဆုံးဖြစ်တယ်လို့ The Statesman သတင်းမှာ ဖော်ပြပါတယ်။
မတ် ၁၇ ရက် မနေ့က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီး ကေဆက်ပ်ဒန်ဂါက ပြောကြားလိုက်တာဖြစ်ပြီး မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံဘက်က ဒုက္ခသည် ၃၃,၅၀၅ ယောက်၊ မဏိပူရက ၂,၆၃၃ ယောက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂,၂၁၇ ယောက်တို့ ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ လူမှုဖူလုံရေးနဲ့ ကျန်းမာရေးထောက်ပံ့မှုတွေ လုပ်ဆောင်ပေးဖို့ အစီအမံတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
ဗဟိုအစိုးရကနေ ပံ့ပိုးပေးတဲ့ ဒုက္ခသည်ရန်ပုံငွေတွေကို လျှို့ဝှက်ရန်ပုံငွေအဖြစ် သတ် မှတ်ထားပြီး အသုံးပြုမှုတိုင်းကို သေသေချာချာ မှတ်တမ်းတင်ထားတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင် ပြောင်းလဲလာတဲ့ အခြေအနေတွေအပေါ် ကိုင်တွယ်ဖြေရှင်းဖို့ မီဇိုရမ်ပြည်နယ် အစိုးရက ဒုက္ခသည် သက်သာချောင်ချိရေးမူဝါဒတွေ လုပ်ဆောင်နိုင်ရေး အထူးကော်မတီတရပ်ကို ဖွဲ့စည်းထားသလို ဒုက္ခသည်တွေ ရင်ဆိုင်နေကြရတဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လူမှုစီးပွားစိန်ခေါ်မှုတွေကို အကဲဖြတ် သုတေသနပြုဖို့အတွက်လည်း ဌာနခွဲတခု ထူထောင်ထားတယ်လို့လည်း ဆိုပါတယ်။
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်ကတော့ ၂၀၂၁ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ မြန်မာစစ်တပ် အာဏာသိမ်းမှုနဲ့ မဏိပူရမှာ ဆက် လက်ဖြစ်ပွားနေတဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေကြောင့် သိသိသာသာ သက်ရောက်မှုတွေ ရှိနေတာပါ။
လတ်တလောမှာတော့ မီဇိုရမ်ပြည်နယ်က ပဋိပက္ခတွေ၊ ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအတွက် လုံခြုံရာနေရာ ဖြစ်လာပေမဲ့ ခုလိုဝင်ရောက်လာမှုက ဒေသတွင်း အရင်းအမြစ်တွေ၊ အခြေခံအဆောက်အအုံတွေအပေါ် ကြီးမားတဲ့ ဖိအားတွေ ဖြစ်လာနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source: The Statesman