
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မြို့မရဲစခန်းအတွင်းကို အမျိုးသားတယောက်က ကတ်ကြေး ၂ လက်ကိုင်ဆောင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲစခန်းမှူး ကျော်ဇေလတ်အပါအဝင် ရဲ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မတတ် ၁၆ ရက် မနက် ၆ နာရီလောက်က ကတ်ကြေး ၂ လက်ကိုင်ဆောင်ထားတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတယောက်က ပုသိမ်မြို့ ရဲစခန်းဝင်းအတွင်းကိုဝင်ရောက်ပြီး ရဲတွေကို တိုက်ခိုက်တာကြောင့် ရဲစခန်းမှူး ကျော်ဇေလတ်နဲ့ ဒုရဲအုပ်တယောက်၊ ရဲတပ်သား ၂ ယောက် စုစုပေါင်း ရဲ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်သားတွေက တိုက်ခိုက်သူအမျိုးသားကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ပုသိမ်ရဲစခန်းနဲ့ နီးစပ်တဲ့ ဝန်ထမ်း တယောက်က “သေနတ်နဲ့ ပစ်ခတ်ဖမ်းတာကြောင့် ခြေထောက်ကို ကျည်ထိမှန်ပြီး ဖမ်းဆီးခံထားရတယ်။ ကတ်ကြေးနဲ့တိုက်ခိုက်တာပါ။ ဒီကိစ္စကို ရဲတွေဘက်က ဖုံးထားတယ်။ တိုက်ခိုက်သူက ဘယ်သူ၊ ဘာကြောင့် လုပ်တယ်ဆိုတာ မသိရသေး ပါဘူး” လို့ ပြောပါတယ်။
ရဲစခန်းအတွင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အမျိုးသားကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ပစ်ခတ်၀ိုင်းဝန်းရိုက်နှက်ထားတာကြောင့် ရရှိထားတဲ့ဒဏ်ရာတွေနဲ့ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ ဆိုပါတယ်။