
ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့အကြား နှစ်ဖက်လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုရှိနေကြပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်တွေမြို့ခံတွေက ပြောကြပါတယ်။
မတ် ၁၄ ရက်ကတည်းက မတ် ၁၇ ရက် ညနေ ၄ နာရီခန့်အထိ နှစ်ဖက်လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်နေကြတာဖြစ်ပြီး စစ်ကောင်စီရဲ့ အမှတ် ၁၂ ရဲတပ်ရင်းမှာလည်း လက်နက်ကြီးကျည်ကျရောက်မှုတွေရှိတယ်လို့ စစ်တွေမြို့ခံအမျိုးသားတယောက်က ပြောပါတယ်။
“စစ်တွေမှာ မတ်လ ၁၅ ရက်နေ့ကတည်းက ၁၇ ရက်နေ့ ညပိုင်းအထိ လက်နက်ကြီးပစ်ခတ်မှုကရှိနေတုန်းပဲ။ ဘယ်ဘက်ကို ပစ်တယ်ဆိုတာတို့ ကျနော်တို့လည်း မသိဘူး။ ၁၄ ရက်နေ့ကလည်း အမှတ် ၁၂ ရဲတပ်ရင်းအထဲမှာ AA ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်တွေကျတာတွေရှိတယ်လို့ ကြားတယ်။ အထိအခိုက်တွေတော့ မသိဘူး။ မြေပြင်တိုက်ပွဲက ပြင်းထန်နေပုံပဲ။”
စစ်တွေမြို့နယ်မှာ ဇန်နဝါရီလကတည်းက အာရက္ခတပ်တော်က ထိုးစစ်စတင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတို့ကို ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်နဲ့ AA တို့အကြား နှစ်ဖက်စစ်ဆိုင်းထားတဲ့ နေရာတွေမှာ ထိတွေ့တိုက်ပွဲက နေ့တိုင်းနီးပါးရှိနေကြပြီး နှစ်ဖက်လက်နက်ကြီးပစ်ကူ၊ ဒရုန်းပစ်ကူတွေနဲ့ တိုက်ခိုက်နေတာလို့ စစ်ရေးအခြေအနေကို သိရှိသူ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်တွေ စစ်မြေပြင်ကတော့ နှစ်ဖက်ထိတွေမှုကတော့ အမြဲတမ်းရှိတယ်လို့ ပြောရမယ်။ စစ်ဆိုင်ထားတဲ့ နေရာတွေမှာ နှစ်ဖက် ဒရုန်းနဲ့ ကင်းထောက်ပစ်ခတ်တာတွေ၊ စနိုက်ပါ ပစ်ခတ်တာတွေက အမြဲတမ်းရှိနေပြီး လက်နက်ကြီးပစ်ကူတွေလည်း အပြန်အလှန် ပစ်ခတ်နေကြတာဖြစ်တယ်။ စစ်ကောင်စီဘက်က ဒရုန်းကို အသုံးပြုပြီး ပိုတိုက်ခိုက်လာတာရှိတယ်။”
စစ်တွေမြို့နယ်မှာ ဇန်နဝါရီ ၁၆ ရက်က စတင်တိုက်ပွဲဖြစ်ကြတာဖြစ်ပြီး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရွာတချို့ကို AA ဘက်က သိမ်းပိုက်နိုင်ခဲ့တာတွေလည်း ရှိပါတယ်။
စစ်တွေမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ်တို့က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။