
အီတလီနိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ရာသီဥတုဆိုးရွားပြီး ကျယ်ကျယ်ပြန့်ပြန့် ရေကြီး မြေပြိုနေတာကြောင့် မတ် ၁၄ ရက်က အာဏာပိုင်တွေဟာ အနီရောင် ရာသီဥတု သတိပေးချက်ကို ရက်ထပ်တိုးဖို့ နှိုးဆော်ထားပါတယ်။
အလယ်ပိုင်းဒေသရှိ တာ့စ်ကနီနဲ့ မြောက်ပိုင်း အီမီလီယာရို့မန်ညာ ဒေသတွေမှာ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်နေတာကြောင့် လမ်းမတွေဟာ ရွှံ့မြစ်ရေတွေ ဖြစ်သွားပြီးတော့ နေအိမ်တွေလည်း ရေနစ်မြုပ်ကာ ရေတွေ မြင့်တက်မှုကြောင့် ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်ဖို့ လုပ်ဆောင်နေပါတယ်။
ဆက်စ်တို ဖှီယိုရန်တီနို မြို့ငယ်လေးမှာ ရီမက်ဂီယို ချောင်းရေလျှံတက်လာပြီး အဆောက်အအုံ အများအပြားကို ရေတွေ လွှမ်းမိုးဖုံးအုပ်သွားပါတယ်။
ဖလောရန့်စ်မီးသတ်တပ်ဖွဲ့က ဒါဇင်နဲ့ချီတဲ့ အကူအညီတောင်း ဖုန်းခေါ်ဆိုမှုတွေကို သတင်းပို့ထားပြီး အများစုဟာ ရီမက်ဂီယို ချောင်းရေလျှံမှုကြောင့် ဆက်စ်တို ဖှီယိုရန်တီနိုရဲ့ ရေနစ်မြုပ်နေတဲ့ လမ်းမတွေပေါ်မှာ ယာဉ်မောင်းတွေ ကားထဲမှာ ပိတ်မိနေတဲ့ အကျပ်အတည်းတွေကြောင့် ဖြစ်တယ်လို့ ပြောဆိုပါတယ်။
ရာသီဥတုအခြေအနေ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာမယ်လို့ မျှော်လင့်ထားပေမဲ့ ဧရိယာ အများအပြားမှာ အန္တရာယ်တွေ ကျန်ရှိနေသေးတာကြောင့် တာ့စ်ကနီဒေသဥက္ကဋ္ဌ ယူဂျီနီယို ဂီယာနီက အရပ်ဘက် အကာအကွယ်ပေးရေး အကူအညီတွေ တောင်းထားပါတယ်။
သမိုင်းဝင် ဖှလောရင့်စ်မြို့ရှိ ပုံမှန် အေးချမ်းသာယာလေ့ရှိတဲ့ အာနိုမြစ်ရေမှာ မြန်ဆန်လှတဲ့ ရေစီးကြောင်းအတိုင်း ကားတာယာနဲ့ သစ်ကိုင်းတွေ အပါအဝင် အပျက်အစီးတွေကို သယ်ဆောင်လာတာကြောင့် ခါတိုင်းထက် မြစ်ကမ်းပါးမှာ လျှံတက်နေပါတယ်။
တာ့စ်ကနီ ဒေသဥက္ကဋ္ဌ ဂီယာနီကလည်း ဒေသခံတွေနဲ့ ခရီးသွားတွေကို သတိထားဖို့ တိုက်တွန်းခဲ့ပြီး ဖလောရင့်စ်ရှိ အာနိုမြစ်ရဲ့ အခြေအနေအဆင့်တွေကို အာဏာပိုင်တွေက စစ်ဆေးနေကြောင်း တယ်လီဂရမ်မှာ ရေးထားပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျန်တဲ့သောကြာနေ့အထိ တာ့စ်ကနီ ဒေသမှာ ဖလောရင့်စ် အပါအဝင် မြို့အများအပြားမှာ စာသင်ကျောင်းတွေ ပိတ်ထားရဆဲ ဖြစ်ပါတယ်။
ဒေသတွင်းသတင်းတွေအရ အာနိုမြစ်ပေါ်က ရေစီးသန်နေမှုကို ပြေလျော့စေဖို့အတွက် ရေတံခါးတွေနဲ့ တိုးချဲ့သိုလှောင်ကန်တွေကို ဖွင့်လှစ်မယ်လို့ သိရပါတယ်။
Source: Reuters