
ဒေါ်နယ်ထရမ့်ပ်အစိုးရဟာ တားမြစ်ချက်အသစ်ရဲ့ တစိတ်တပိုင်းအဖြစ် နိုင်ငံပေါင်း ဒါဇင်နဲ့ချီတဲ့ နိုင်ငံသားတွေအတွက် ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကို ထုတ်ပြန်ဖို့ သုံးသပ်စဉ်းစားနေတယ်လို့ ရိုက်တာသတင်းက မတ် ၁၅ ရက်က ဖော်ပြပါတယ်။
ရိုက်တာက နိုင်ငံပေါင်း ၄၁ နိုင်ငံကို သီးခြားအုပ်စု သုံးစုခွဲပြီး စာရင်းပြုစုထားပါတယ်။ ပထမအုပ်စုမှာ ပါဝင်သူတွေက အမေရိကန် ဗီဇာလုံးဝ ရနိုင်မှာ မဟုတ်ဘဲ ဒုတိယ အုပ်စုမှာ ပါဝင်သူတွေကတော့ တစိတ်တပိုင်း ဆိုင်းငံ့ခံရမှာ ဖြစ်ပါတယ်။
မြန်မာအပါအဝင် အီရီထရီးယား၊ ဟေတီ၊ လာအိုနဲ့ တောင်ဆူဒန်နိုင်ငံတွေက ဒုတိယအုပ်စုမှာ ပါဝင်နေပြီး ခြွင်းချက်တချို့နဲ့ ပြည်ဝင်ခွင့်လက်ခံပေမဲ့ အလည်အပတ်၊ ကျောင်းသားနဲ့ တခြား ရွှေ့ပြောင်းနေထိုင်မယ့် ပြည်ဝင်ခွင့်ဗီဇာတွေ ဆိုင်းငံ့ဖို့ ရှိနေပါတယ်။
တတိယအုပ်စုမှာ ဘယ်လာရုစ်၊ ပါကစ္စတန် အပါအဝင် ၂၆ နိုင်ငံအစိုးရတွေက ရက် ၆၀ အတွင်း လိုအပ်လစ်ဟာချက်တွေကို ဖြေရှင်းဖို့ မကြိုးပမ်းရင် တစိတ်တပိုင်း ဆိုင်းငံ့ဖို့ ရှိနေတာပါ။
အမေရိကန် ပြည်ဝင်ခွင့် ဗီဇာလုံးဝ မရနိုင်တဲ့ ပထမအုပ်စုမှာ အာဖဂန်နစ္စတန်၊ အီရန်၊ ဆီးရီးယား၊ ကျူးဘား၊ မြောက်ကိုရီးယား စတဲ့နိုင်ငံတွေအပါအဝင် ၁၀ နိုင်ငံ ပါဝင်နေပါတယ်။