မကွေးတိုင်း၊ မြိုင်မြို့နယ်က ဆူးဝင်းရွာနဲ့ ဝယ်တောင်ရွာကို မတ် ၁၄ ရက် နေ့လယ်ပိုင်းအချိန်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ မီးလောင်ဗုံးတွေကြဲချတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂ ယောက်သေဆုံးပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဝယ်တောင်ရွာ ဒေသခံတယောက်က “ဗုံးသီးအလုံးအရေအတွက်ကတော့ ကြဲချတာများတော့ မရေတွက်နိုင်ဘူး။ အဲလိုမီးလောင်ဗုံးချတာက ရွာမြောက်ပိုင်းနဲ့ ဘုန်းကြီးကျောင်းကို ချသွားတာ။ ဘုန်းတော်ကြီး ၁ ပါး၊ ကိုရင် ၃ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ ဒဏ်ရာကတော့မစိုးရိမ်ရဘူး။ နောက်ပြီး ပြည်သူ ၂ ဦးကတော့ သေဆုံးခဲ့ရပြီး ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ရပါတယ်။ ဘုန်းတော်ကြီးကျောင်းနဲ့ လူနေအိမ်များလည်း မီးလောင်ဆုံးရှုံးခဲ့ရတယ်” လို့ ပြောပါတယ်။
ဝယ်တောင်(တောင်)ရွာဟာ အိမ်ခြေ ၈၀၀ လောက်ရှိတဲ့ မြိုင်မြို့နယ် အနောက်တောင်ခြမ်းက ကျေးရွာကြီးတရွာဖြစ်ပြီး မြိုင်မြို့နယ်၊ ဆူးဝင်းရွာကိုလည်း မတ် ၁၄ ရက် မွန်းလွဲ ၂ နာရီအချိနှ်မှာ ဝယ်တောင်ရွာနဲ့တချိန်းတည်း လေယာဉ်နဲ့ ဗုံးကြဲသွားတယ်လို့ သိရပါတယ်။
ဆူးဝင်းရွာ ဒေသခံတယောက်က “ရွာမှာတော့ ဘာမှမရှိဘူး။ ဘာအကြောင်းရင်းရှိလို့ ချတာလဲဆိုတာတော့ စစ်တပ်မှသိလိမ့်မယ်။ ကျနော်တို့ဒေသခံတွေအမြင်ကတော့ အရပ်သားရွာတွေကို ပစ်မှတ်ထား မတိုက်ခိုက်စေချင်ဘူး။ အခုဟာကဗျာ လူ ၂ ယောက်ထိခိုက်ပြီး အိမ်တလုံး၊ ကားတစီး၊ ဆိုင်ကယ် ၃ စီး မီးလောင်တယ်။ ချတာက ရွာစာကြည့်တိုက်အနီးကို တလုံးတည်းချသွားတာ။ ချတဲ့ဗုံးကလည်း မီးလောင်ဗုံးဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့မနက်ခင်းပိုင်းကလည်း မြိုင်မြို့နယ်ထဲက ဆုံကုန်းရွာ ဘုန်းကြီးကျောင်းမှာ ကျင်းပနေတဲ့ မင်္ဂလာဆောင်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူ ၁၀ ယောက် ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။